ကရင်နီ(ကယား)ပြည်နယ်နယ်စပ် ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီတပ်၏ ခမရ (၅၀၈)တပ်ရင်း၌ စစ်မှုထမ်းစုဆောင်းခံထားရသည့် တပ်သားတစ်ဦးသည် လက်နက်နှင့်အတူ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ လင်းယုန်တပ်ခွဲထံ ကူးပြောင်းသွားကြောင်း သိရသည်။
အဆိုပါ စစ်မှုထမ်းစုဆောင်းခံထားရသည့် တပ်သားသည် မိုးဗြဲ ခမရ (၅၀၈)တပ်ရင်းမှ ခမရ (၄၂၂)သို့ ပို့ဆောင်ခံရစဉ် MA-1 လက်နက်တစ်လက်ကိုယူဆောင်ကာ ၂၀၂၅ ခုနှစ် မတ်လ (၂၃)ရက်နေ့၌ ထွက်ပြေးလာခြင်းဖြစ်သည်ဟု သိရသည်။
ထွက်ပြေးရောက်ရှိလာသည့် အဆိုပါ တပ်သားအား အမှတ်(၁၀၀၁)မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ လင်းယုန်တပ်ခွဲက လက်ခံထားကာ ဆုကြေးငွေပေးအပ်ထားကြောင်း သိရသည်။
အာဏာသိမ်းပြီးချိန်မှစ၍ စစ်တပ်အတွင်းမှ CDM လုပ်ကြသူများ ရှိလာသည့်အပြင် မြေပြင်တပ်ရင်း၊ တပ်ဖွဲ့များမှနေ၍ တော်လှန်ရေးတပ်ဖွဲ့များထံ ထွက်ပြေးကူးပြောင်းကြသူများလည်းရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့အသီးသီးကလည်း စစ်ကောင်စီလက်အောက်မှ ထွက်လာသူများအား ဖိတ်ခေါ် လက်ခံမှုများလုပ်ဆောင်နေကြခြင်းဖြစ်သည်။
#TachileikNewsAgency