နောင်ချိုမြို့နယ်ရှိ အုမ္မတီးလမ်းဆုံကို စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးကြဲချတိုက်ခိုက်

နောင်ချိုမြို့နယ်ရှိ အုမ္မတီးလမ်းဆုံကို စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ အုမ္မတီးလမ်းဆုံကို စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးကြဲချတိုက်ခိုက်သည်ဟု TNLA ရှေ့တန်းရောက် ရဲဘော်များထံမှ သိရသည်။

စစ်ကောင်စီတပ်သည့် ၂၀၂၅ခုနှစ် မတ်လ (၁၃)ရက်နေ့မှ စတင်ပြီး တိုက်ပွဲဖြစ်ပွားနေသည့် အုမ္မတီးနှင့် သဲခေါ်ဘက်တွင် ဒရုန်းအသုံးပြု၍ ဗုံးကြဲခြင်းနှင့် အဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်ခြင်းကြောင့် TNLA ရဲဘော်တချို့ မူးဝေအော့အန်ခြင်းများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

“အဆိပ်ငွေ့ဗုံး ကြဲသွားတာဟုတ်တယ်။ ခိုင်လုံတဲ့ သက်သေပုံတွေတော့ မကြာခင်ထုတ်ပြန်ပါလိမ့်မယ်။”ဟု TNLA ရှေ့တန်းရောက် ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်သည် နိုင်ငံတကာက ကန့်သတ်ထားသော အဆိပ်ငွေ့ဗုံးများကို အသုံးပြုတိုက်ခိုက်ခြင်းကြောင့် TNLA ရဲဘော်များမှာ မူးမေ့ခြင်း၊ အော့အန်ခြင်း၊ အသက်ရှူမြန်ခြင်းနှင့် မောပန်းခြင်း စသည့်ဝေဒနာများကို ခံစားခဲ့ရသည်ဟု ဆိုသည်။

“ရဲဘော်တွေ ကျဆုံးတာတော့မရှိဘူး။ ဒရုန်းနဲ့တော့ တော်တော်ဗုံးကြဲချတာ တွေ့ရတယ်။”ဟု ၎င်းကဆက်ပြောသည်။

တိုက်ပွဲများ ကာလရှည်ကြာ ဖြစ်ပွားခဲ့သည့် တောင်းခမ်းဒေသမှ အမြောက်တပ်တချို့ကို TNLA က သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများကြောင့် ပြန်ဆုတ်ခွာပေးလိုက်ရပြီးနောက် အုမ္မတီးဘက်တွင် တိုက်ပွဲများဆက်ဖြစ်နေသည်။

စစ်ကောင်စီလော်ဘီများကလည်း အုမ္မတီးလမ်းဆုံကို ဒရုန်းဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဖော်ပြထားသည်ကို တွေ့ရပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အများအပြား ပျက်စီးသွားသည်ကို တွေ့ရသည်။

#TachileikNewsAgency