စစ်ကောင်စီ အာဏာသိမ်းပြီးနောက် (၄)နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူနှင့် ပြည်သူ (၆,၃၉၉)ဦး သေဆုံးရကာ (၂၂,၀၂၁)ဦး ဖမ်းဆီးခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၁၁)ရက်နေ့တွင် ထုတ်ပြန်သည်။
ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈,၈၀၀)ဦး အနက် (၂၂,၀၂၁)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀,၅၈၂)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု သိရသည်။
အဆိုပါကိန်းဂဏန်းအရေအတွက်များသည် AAPP က လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက်ပိုများနေနိုင်သည်ဟု ဆိုသည်။
AAPP မှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ မတ်လ (၁၁)ရက်နေ့အထိ ရခိုင်ပြည်နယ်၌ စစ်ကောင်စီကြောင့် အမျိုးသမီး (၂၄)ဦးနှင့် အမျိုးသား (၂၁)ဦး စုစုပေါင်း (၄၅)ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။
ယင်းအထဲတွင် (၂)နှစ်အရွယ်ယောကျာ်းလေးတစ်ဦးအပါအဝင် အသက်(၁၈)နှစ်အောက်ကလေးငယ် (၁၂)ဦး ပါဝင်သည်ဟု သိရသည်။
အဆိုပါ သေဆုံးသူများအနက် (၄၀)ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency
Photo:Assistance Association for Political Prisoners (Burma)