ထိုင်းဘက်က မြန်မာနယ်စပ်ဘက်သို့ စက်သုံးဆီ တင်ပို့မှု ရေရှည်ရပ်ဆိုင်းလိုက်ပါက တာချီလိတ်မြို့ရှိ ဆီပန့်များတွင် စက်သုံးဆီ စုဆောင်းထားခြင်း မရှိ၍ ရက်ပိုင်းအတွင်း ပြတ်လပ်သွားနိုင်ကြောင်း သိရသည်။
"စက်သုံးဆီကိစ္စတော့ ပြသနာ ရှိနိုင်ပါတယ်။ လောလောဆယ် ထိုင်းဘက်က ဆီကားတွေ ပေးမလာသေးတာ ယာယီပဲ ဆိုရင် ပြသနာ မရှိသေးပါဘူး။ လုံးဝပေး မလာတော့ဘူး ဆိုရင်တော့ ပြည်မဘက် ဆင်းပြီး ယူရမဲ့ သဘောဖြစ်နေပါတယ်"ဟု တာချီလိတ်စက်သုံးဆီရောင်းဝယ်ရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် ပြောသည်။
ထိုင်းနိုင်ငံဘက်က မြန်မာနိုင်ငံဘက် နယ်စပ်ဒေသမြို့များသို့ စက်သုံးဆီ တင်ပို့မှုများကို အကန့်အသတ်မရှိ ယာယီ ရပ်ဆိုင်းလိုက်သည့်အတွက် တာချီလိတ်မြို့ အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တခုလုံးအနေဖြင့် အခက်အခဲများဖြစ်လာနိုင်ကြောင်း သိရသည်။
"ရှမ်းအရှေ့ဒေသ အားလုံးက ထိုင်းစက်သုံးဆီကိုပဲ သုံးနေကြတာပါ။ ကြိုလဲ မသိရတဲ့အတွက် ကြိုတင် စုဆောင်းထားတာ မရှိထားကြဘူး။ ရက်ပိုင်းလောက်ပဲ ခံနိုင်မယ်။ ကျွန်တာ်တို့ ဆီမပြတ်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်"ဟု တာချီလိတ်စက်သုံးဆီရောင်းဝယ်ရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် ပြောသည်။
ထိုင်းဘက်က စက်သုံးလောင်စာဆီများကို မြန်မာဘက် တင်ပို့ခွင့် ရပ်ဆိုင်းလိုက်သည့် ကိစ္စနှင့် ပတ်သက်ပြီး မြန်မာဘက် တာချီလိတ်စက်သုံးဆီရောင်းဝယ်ရေးအသင်း နှင့် စက်သုံးဆီလုပ်ငန်းရှင်များထံ ယနေ့ ဖေဖော်ဝါရီလ(၅)ရက်နေ့ ည(၉)နာရီခွဲအချိန်အထိ ဆက်သွယ်ပေး အကြောင်းကြားလာခြင်း မရှိသေးကြောင်း သိရသည်။
တာချီလိတ် - မယ်ဆိုင်အကြား မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတား မယ်ဆိုင်ဘက်ရှိ အကောက်ခွန်ဝန်းထဲတွင် ရပ်တန့်ထားရစဉ်
ယင်းသို့ အကြောင်းကြားလာခြင်း မရှိသလို တာချီလိတ်သို့ လာရောက်မည့် စက်သုံးဆီယာဉ်များမှာလည်း တာချီလိတ်သို့ လာခွင့်မရဘဲ တာချီလိတ် - မယ်ဆိုင်အကြား မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတား မယ်ဆိုင်ဘက်ရှိ အကောက်ခွန်ဝန်းထဲတွင် ရပ်တန့်ထားရကြောင်း သိရသည်။
တာချီလိတ် စက်သုံးဆီ လုပ်ငန်းရှင်များအနေဖြင့် စက်သုံးဆီများကို လာအိုဘက်ကနေ တင်သွင်းရန် ကြိုးစားနေလျှက်ရှိသော်လည်း အခြေအနေအရ ဖြစ်နိုင်ချေ အလွန်နည်းပါးကြောင်း သိရသည်။
တာချီလိတ်မြို့တွင် စက်သုံးဆီ တင်သွင်းခွင့် ပိတ်ခံထားရချိန် ဆီပန့်များက လက်ကျန် စက်သုံးဆီများကို မူလဈေးနှုန်းအတိုင်းဖြင့် ရောင်းချပေးနေခြင်း ဖြစ်သော်လည်း ရပ်ကွက်များတွင် ပြန်လည်ရောင်းချသည့် ဓါတ်ဆီဆိုင်ငယ်များ၌ တစ်လီတာ ပုလင်းတစ်လုံးစာကို ထိုင်းဘတ်ငွေ (၁၀၀)ဘတ်အထိ မြင့်တင် ရောင်းချနေမှုများရှိနေကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီလ(၅)ရက်နေ့ တစ်နေ့တည်းမှာပင် ဆီပန့်များ၌ တန်းစီစောင့်ဆိုင်းသူ များပြား၍ အချို့ ဒေသခံများမှာ ကားနှင့်ဆိုင်ကယ်များဖြင့် မယ်ဆိုင်သို့ သွားရောက်ပြီး ဆီဖြည့်ခြင်းနှင့်အတူ ပုံးငယ်များဖြင့် စက်သုံးဆီ ဝယ်ယူသည်များရှိသော်လည်း မယ်ဆိုင်ဘက်ရှိ ဆီပန့်များမှာ တာချီလိတ်ဆီပန့်ထက် ဈေးနှုန်း ပိုများကြောင်း သိရသည်။
"မယ်ဆိုင်မှာ တာချီလိတ်ဘက်က လူတွေ ကားတွေ ဆိုင်ကယ်တွေနဲ့ ဆီတွေလာထည့်ကြတယ်။ ပုံးတွေနဲ့လည်း လာဝယ်ကြတာကို တွေ့ရတယ်။ ပုံးအနေနဲ့ဆိုရင်တော့ ရောင်းပေးတယ်။ ပုံးအကြီးနဲ့ဆိုရင်တော့ မရောင်းပေးဘူး။ ဒါပေမဲ့ ဈေးနှုန်းက တာချီလိတ်ထက် ပိုများတယ်။ ဒီမှာ တစ်လီတာကို (၃၆)ဘတ်ခွဲလောက်ရှိတယ်"ဟု မယ်ဆိုင်မြို့တွင် နေထိုင်သူ မြန်မာတစ်ဦးက ပြောပြသည်။
တာချီလိတ်မြို့တွင် စက်သုံးဆီ အခက်အခဲမှာ အဆင်ပြေစွာ ဖြေရှင်းနိုင်ရေးအတွက် နည်းလမ်းရှာနေဆဲဖြစ်ကြောင်း သိရသည်။
ထိုင်းအစိုးရက ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် မြန်မာနိုင်ငံဘက်ရှိ တရုတ်ဂိုဏ်းများ၏ ကျားဖြန့်လုပ်ငန်း နှိမ်နင်းရေးအတွက်ဟုဆိုကာ လျှပ်စစ်မီး အပါအဝင် စက်သုံးဆီများပါ ရပ်တန့်လိုက်သည့်အတွက် တာချီလိတ်မြို့တွင် လျှပ်စစ်မီးထက် စက်သုံးဆီ အခက်အခဲ နှင့် စတင် ရင်ဆိုင်နေရသည်ကို တွေ့ရသည်။
နယ်စပ်ဒေသနေ မြန်မာနိုင်ငံသားများအနေဖြင့် စက်သုံးဆီ အခက်အခဲ ဖြစ်လာနိုင်သလို ထိုင်းနိုင်ငံဘက်က စက်သုံးဆီ တင်ပို့မှုအနေဖြင့် တာချီလိတ် နှင့် မယ်ဆိုင်အကြား မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားကနေ လစဉ် စက်သုံးဆီယာဉ် အစီးရေ (၃၅၀)မှ အစီးရေ (၄၀၀)အထိ ဖြတ်သန်းမှုရှိပြီး စက်သုံးဆီတင်ပို့မှု တန်ဖိုးမှာလည်း လစဉ် ထိုင်းဘတ်ငွေ သန်း(၄၀၀)တန်ဖိုးရှိသည့်အတွက် ထိုင်းလုပ်ငန်းရှင်များအတွက်လည်း နစ်နာမှုလည်း ရှိနိုင်သည်ဟု သိရသည်။