ထိုင်းလျှပ်စစ်ဓါတ်အား ဖြတ်တောက်ထားသည့် တာချီလိတ်မြို့တွင် လာအိုလျှပ်စစ်ဓါတ်အားဖြင့် နေ့ချင်းပြီး ရာနှုန်းပြည့်နီးပါး အမြန်ရရှိရန် လုပ်ဆောင်နေ

ထိုင်းလျှပ်စစ်ဓါတ်အား ဖြတ်တောက်ထားသည့် တာချီလိတ်မြို့တွင် လာအိုလျှပ်စစ်ဓါတ်အားဖြင့် နေ့ချင်းပြီး ရာနှုန်းပြည့်နီးပါး အမြန်ရရှိရန် လုပ်ဆောင်နေ
ဖေဖော်ဝါရီ 5, 2025 | ရှမ်းရှေ့

 ထိုင်းနိုင်ငံက လျှပ်စစ်ဓါတ်အားကို ဖြတ်တောက်လိုက်၍ တာချီလိတ်ဘက်က ထိုင်းလျှပ်စစ်ဓါတ်အား အစား လာအိုလျှပ်စစ်ဓါတ်အားကို အစားထိုးသွားမည်ဖြစ်၍ ယနေ့ ချက်ချင်းပင် လျှပ်စစ်ဓါတ်အားသွယ်တန်းရေးအတွက် လုပ်ဆောင်နေလျှက်ရှိရာ ညနေပိုင်းတွင် (၉၀)ရာခိုင်နှုန်းကျော်အထိ လာအိုလျှပ်စစ်ဓါတ်အား ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

တာချီလိတ်မြို့ဓါတ်အားလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း) က အစည်းအဝေးပြုလုပ်

"အခုလောလောဆယ် သူတို့ဘက်က ဖြတ်လိုက်တဲ့ နံနက်(၉)နာရီက စပြီး ကျွန်တော်တို့ လုပ်နေတာ။ လျှပ်စစ်ဓါတ်အားပုံမှန်ပေးနိုင်ဖို့က ဒီည(၇)နာရီ အပြီး  သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ညနေ(၄)နာရီ၊ (၅)နာရီ နောက်ပိုင်းမှာဆိုရင်တော့ မြို့တွင်းပိုင်းကို ရာနှုန်းပြည့် ပြန်ပေးနိုင်မဲ့ အခြေအနေရှိပါတယ်။ လာအိုဓါတ်အားနဲ့ နည်းနည်းဝေးတဲ့ Feeder - 2 အပိုင်းမှာတော့ ပြီးမြောက်ဖို့ (၂၅)ရာခိုင်နှုန်းလောက်ကျန်တော့ အဲ့ဖက်ကတော့ ရက်တ္တပတ်လောက်ကြာနိုင်ပေမဲ့ တမြို့လုံးကို ခြုံပြီးပြောရရင် ဒီညနေမှာ (၉၀)ရာခိုင်နှုန်းကျော်လောက် လာအိုဓါတ်အားကို သုံးစွဲနိုင်မှာပါ"ဟု တာချီလိတ်မြို့ဓါတ်အားလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)မှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency သို့ ယနေ့ ဖေဖော်ဝါရီလ(၅)ရက်နေ့ နေ့လည်(၁)နာရီဝန်းကျင်အချိန်က ပြောသည်။

တာချီလိတ်မြို့ဓါတ်အားလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)အနေဖြင့် ယခင်က ထိုင်းနိုင်ငံက လျှပ်စစ်ဓါတ်အား (၂၀) မဂ္ဂါဝပ်ကို ရယူပြီး တာချီလိတ်မြို့တွင်းကို ဖြန့်ဖြူးနေခဲ့ရာမှ မကြာသေးမီနှစ်က လာအိုနိုင်ငံက လျှပ်စစ်ဓါတ်အား (၃၀)မဂ္ဂါဝပ်ကို ရယူပြီး မဂ္ဂဂါဝပ် စုစုပေါင်း (၅၀)ကို ပေါင်းကာ တာချီလိတ်မြို့နယ်အတွင်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးနေခြင်း ဖြစ်သည်။

ထိုင်းဘက်က လျှပ်စစ်ဓါတ်အား (၂၀) မဂ္ဂါဝပ်ကို ဖြတ်တောက်လိုက်သည့်အတွက် လာအိုနိုင်ငံက လျှပ်စစ်ဓါတ်အား (၃၀)မဂ္ဂါဝပ်ကို အသုံးပြုပြီး ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ ထိုင်းဘက်က တရုတ်ဂိုဏ်းများ၏ ကျားဖြန့်လုပ်ငန်းများကြောင့်ဟုဆိုတာ တာချီလိတ် နှင့် မြဝတီ(ရွှေကုက္ကိုလ်)အပါအဝင် နယ်စပ်နေရာ (၅)နေရာကို လျှပ်စစ်ဓါတ်အား ဖြတ်တောက်လိုက်ရာတွင် လျှပ်စစ်ဓါတ်အား ဖြတ်တောက်ခံရသည့် နယ်စပ်မြို့များအနက် တာချီလိတ်မြို့ တစ်မြို့တည်းကသာ လာအိုလျှပ်ဓါတ်အားကို အစားထိုးကာ ဖြန့်ဖြူးရန် လုပ်ဆောင်နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းလျှပ်စစ်ဓါတ်အားနှင့်ပတ်သက်ပြီး မြဝတီ(ရွှေကုက္ကိုလ်)ဘက် ကျားဖြန့်နှိမ်နင်းရေးအတွက် ထိုင်းဘက်က လျှပ်စစ်ဓါတ်အားပါ ဖြတ်တောက်နိုင်သည်ဟု ပြောဆိုမှုများ ရှိလာသည့် ဖေဖော်ဝါရီလ၏ လဆန်းပိုင်းကတည်းက  တာချီလိတ်မြို့ဓါတ်အားလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)အနေဖြင့် လာအိုလျှပ်စစ်ဓါတ်အားဖြင့် အစားထိုးနိုင်ရန် ကြိုတင် စီစဉ်ထားပြီး ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ဓါတ်အားလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)သည် အစိုးရအဖွဲ့အစည်း၏ ကော်မတီမဟုတ်ဘဲ မြို့ခံလုထုဖြင့် ဖွဲ့စည်းထားသည့် ကော်မတီဖြစ်သည်။

လက်ရှိတွင် တာချီလိတ်မြို့ကလွဲ၍ ကျန် လျှပ်စစ်ဓါတ်အား ဖြတ်တောက်ခံထားရသည့် မြဝတီ(ရွှေကုက္ကိုလ်) နှင့် ဘုရားသုံးဆူဒေသတို့မှ အခက်တွေ့နေကြောင်း သိရသည်။