မြန်မာ - လာအို နယ်စပ်ရေးရာလုံခြုံရေးနှင့် ပတ်သက်ပြီး မြန်မာ - လာအို ပူးတွဲ နယ်ခြားလုံရေးကော်မတီ၏ အစည်းအဝေးကို လာအိုနိုင်ငံတွင် ပြုလုပ်ပြီး နယ်စပ်ရေးရာ ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရသည်။
လာအို - မြန်မာပူးတွဲ နယ်ခြားလုံရေးကော်မတီ၏ (၅)ကြိမ်မြောက် အစည်းအဝေးကို လာအိုနိုင်ငံ၊ ဗန်ဗီယန်းမြို့တွင် ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၈)ရက်နေ့ကနေ ဇန်နဝါရီလ(၃၁)ရက်နေ့အထိ ကျင်းပြုလုပ်နေခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် အဓိကအားဖြင့် မြန်မာ - လာအို နယ်စပ်လမ်းကြောင်းကို အသုံးပြုပြီး လက်နက်၊ မူးယစ်ဆေးဝါး နှင့် လူမှောင်ခိုကိစ္စရပ်များ အပါအဝင် နှစ်ဖက် ထိစပ်နေသည့် မဲခေါင်မြစ်ကြောင်းတလျှောက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို ဆွေးနွေးကြခြင်း ဖြစ်ကြောင်း နှင့် မြန်မာဘက်က ဗိုလ်ချုပ်မင်းမင်းစိုးနှင့်အဖွဲ့ တက်ရောက်ကြောင်း လာအိုပြည်သူ့တပ်မတော်က ဇန်နဝါရီလ(၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားရှိသည်။
ယင်းအပြင် လက်ရှိ မြန်မာ့နိုင်ငံ အရေးကိစ္စ နှင့်ပတ်သက်ပြီး လာအိုနိုင်ငံဘက်သို့ ထွက်ပြေးလာသူများနှင့် လာအိုနိုင်ငံဘက်တွင် နေထိုင်ပြီး စစ်ကောင်စီအပေါ် ဆန့်ကျင်မှုများ တွေ့ရှိပါကလည်း ပူးပေါင်းဆောင်ရွက်နိုင်ရေးပါ ဆွေးနွေးခဲ့ကြောင်း သိရသည်။
လာအိုစစ်တပ်နှင့်ရဲတပ်ဖွဲ့က မြန်မာအာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းပြီး လာအိုဘက်ရောက် တက်ကြွလူငယ်အချို့ကို ဖမ်းဆီးပေးသည့် ဖြစ်စဉ်လည်း ရှိခဲ့သေးသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဧပြီလ(၁၃)ရက်နေ့က မြန်မာနိုင်ငံသားများသည် ရွှေတြိဂံအထူးစီးပွားရေးဇုန်(ကာစီနို)ဝန်း ကမ္ဘာလုံးကျောက်ဆိပ်ကမ်း၏ လမ်းမပေါ်တွင် စစ်ဘေးသင့်ပြည်သူများအတွက် အလှူငွေကောက်ခံစဉ် လာအိုစစ်တပ်နှင့်ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသည့်အတွက် မြန်မာနိုင်ငံသား အလုပ်သမား (၁၇)ဦး ဖမ်းဆီးပြီး မြန်မာဘက် စစ်တပ်ထံ အပ်လိုက်ရာ (၁၇)ဦးစလုံးကို ပုဒ်မ ၅၀၅(က)အပြင် အကြမ်းဖက် ဥပဒေဖြင့်ပါ အမှုဖွင့်ပြီး ထောင်ချလိုက်ခြင်း ဖြစ်သည်။
လာအို နှင့် မြန်မာ နှစ်ဖက် ပူးပေါင်းမှုအနေဖြင့် RBC ဟု ခေါ်သည့် ဒေသဆိုင်ရာနယ်ခြားကော်မတီ ( Regional Border Committee - RBC)ကို ဖွဲ့စည်းကာ နှစ်ဖက် ပူးပေါင်းမှုများရှိထားပြီး အဆိုပါ ကော်မတီသည် နှစ်ဖက် စစ်တပ်က ဦးဆောင်ကြခြင်းဖြစ်သည်။
ယနေ့ ပြုလုပ်သည့် အစည်းအဝေး၏ လာအို - မြန်မာပူးတွဲ နယ်ခြားလုံရေးကော်မတီအား ၂၀၁၆ခုနှစ်က ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟုလည်း သိရသည်။
လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံအကြား အကျိုးစီးပွားအနေဖြင့် လာအိုဘက်က လျှပ်စစ်မီးကို ဝယ်ယူပြီး တာချီလိတ်မြို့နယ်အတွင်း တာချီလိတ်၊ ကျိုင်းလပ် နှင့် တာလေမြို့တို့တွင် တဆင့် ပြန်လည် ဖြန့်ဖြူးသည့် လုပ်ငန်းလည်းရှိသည်။