တောင်သာမြို့နယ် ညောင်ကုန်းရွာကို စက်တပ်လေထီးနှင့် ဗုံးကြဲချမှု အရပ်သားနှစ်ဦးသေဆုံး

တောင်သာမြို့နယ် ညောင်ကုန်းရွာကို စက်တပ်လေထီးနှင့် ဗုံးကြဲချမှု အရပ်သားနှစ်ဦးသေဆုံး

မန္တလေးတိုင်း တောင်သာမြို့နယ် ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၈)ရက်နေ့တွင် လူလိုက်ပါမောင်းနှင်နိုင်သော စက်တပ်လေထီးနှစ်စီးဖြင့် ဗုံးသီးချတိုက်ခိုက်ရာ အရပ်သားနှစ်ဦးသေဆုံးသည်ဟု ဒေသခံများထံမှ သိရသည်။

မိတ္ထီလာမြို့ လေတပ်စခန်းမှတက်လာသည့် စက်တပ်လေထီး(၂)စီးသည် ပန်းပေါင်းအုပ်စု ညောင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီး လမ်းမနှင့် နေအိမ်များပေါ်သို့ ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ ဗုံးသီးချတိုက်ခိုက်မှုကြောင့် ဒေါ်ခင်သန်း (၇၈)နှစ်၊ ဒေါ်ခင်ညွှတ် (၅၇)နှစ်တို့ သေဆုံးပြီး ဒေသခံတစ်ဦး မစိုးရိမ်ရဒဏ်ရာရကာ နွားသုံးကောင်၊ သိုးတစ်ကောင်နှင့် ဝက်တစ်ကောင်တို့ သေဆုံးသည်ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ပြည်သူများဗုံးခိုကျင်းတူးထားကြရန်လည်း လူထုလှုပ်ရှားမှုကော်မတီ တောင်သာက အသိပေးထားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့ကလည်း တောင်သာမြို့ ဇရပ်ကြီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  မလှိုင်မြို့နယ်ဘက်မှ လူလိုက်ပါမောင်းနှင်နိုင်သော စက်တပ်လေထီးဖြင့် ဗုံးချရာ အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာရပြီး ကျေးရွာစာသင်ကျောင်းလည်း ပျက်စီးသွားသည်။

တော်လှန်ရေးတပ်များ၏ နယ်မြေထိန်းချုပ်လာနိုင်မှုကြောင့် စစ်ကောင်စီတပ်သည် မြေပြင်က စစ်ကြောင်းမထိုးနိုင်တော့သဖြင့် လေကြောင်းကိုအားကိုးလာသည်။

ထို့အပြင် လေယာဉ်ဆီဖြတ်တောက်ရေးလှူပ်ရှားမှုများ၊ တစ်နိုင်ငံလုံးကို ဗုံးကြဲတိုက်ခိုက်နေရသည့် အခြေအနေတို့ကြောင့် စစ်ကောင်စီသည် လေယာဉ်အစား စက်တပ်လေထီးများကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာခြင်းဖြစ်သည်။

#TachileikNewsAgency

#TNA_MAT

Photo:လူထုလှုပ်ရှားမှုကော်မတီ တောင်သာ