ထိုင်းနိုင်ငံ ချင်းမိုင်တွင် ရဲအရာရှိအဖြစ် အယောင်ဆောင်ထားသူ (၄) ဦးက ဆေးခြောက် အရောင်းဆိုင်တစ်ဆိုင်ကို ဝင်ရောက်စီးနင်းပြီး ပိုင်ရှင်နှင့် ဝန်ထမ်းများကို ကြိုးတုပ်ကာ အဖိုးတန်ပစ္စည်း အများအပြားကို လုယက်ယူဆောင်သွားကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့ နံနက် (၃) နာရီအချိန်က အဆိုပါ ဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လုယက်သူများက ငွေ၊ အီလက်ထရောနစ် ပစ္စည်းများနှင့် မော်တော်ဆိုင်ကယ်များကိုပင် ယူဆောင်သွားခဲ့ကြသည်။
အသက် (၂၆) နှစ်အရွယ် ဆိုင်ပိုင်ရှင် Tai ၏ အဆိုအရ Santisuk လမ်းပေါ်ရှိ ၎င်း၏ဆိုင်ကို ပိတ်ထားချိန်ဖြစ်ပြီး အနက်ရောင် ဝတ်စုံများ ဝတ်ဆင်ထားကြသည့် လူအုပ်စုက ဆိုင်အတွင်း ဝင်ရောက်စီးနင်းခဲ့ကြကြောင်း သိရသည်။
၎င်းတို့က အချွန်ပါသော သံတုတ် (၂) ချောင်း ကိုင်ဆောင်ထားပြီး ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများ၏ လက်နှင့် ခြေထောက်ကို ကြိုးတုပ်၍ ခေါင်းကို အိတ်များနှင့် စွပ်ထားခဲ့ကြသည်။
ထို့နောက် ၎င်းတို့က ဘဏ်စာရင်းမှ ထိုင်းဘတ်ငွေ (၃၀၀,၀၀၀) နှင့်အတူ iPhone 16 Pro Max တစ်လုံး၊ iPad (၂) လုံးနှင့် မော်တော်ဆိုင်ကယ် (၄) စီးကို ယူဆောင်သွားခဲ့ကြသည်။
ထို့အပြင် အဆောင်လက်ဖွဲ့များနှင့် အခြား ပစ္စည်းများကိုလည်း ယူဆောင်သွားကြကြောင်း ဆိုင်ပိုင်ရှင် Tai က ဆိုသည်။
"ဒီလူတွေက ဥပဒေချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ ရဲအရာရှိတွေလို ဟန်ဆောင်ထားကြတယ်။ သူတို့က ကျွန်တော့်ကို ဖုန်း password တောင်းပြီး ကျွန်တော့် ဘဏ်အကောင့်ထဲက ဘတ် (၃၀၀,၀၀၀) ကို လွှဲပြောင်းယူသွားခဲ့ကြတယ်။ သူတို့က ဆိုင်ထဲကနေ တွေ့သမျှ တန်ဖိုးရှိတဲ့အရာ အကုန်လုံးကို ယူတာပဲ။ ဆိုင်ကယ်တွေလည်း ပါတယ်။ ပြီးတော့ ထွက်ပြေးသွားကြတယ်" ဟု Tai က ပြောသည်။
Chang Phueak ရဲစခန်းမှ ရဲမှူး Winichai Pinijsak ဦးဆောင်သော ဒေသခံ ရဲတပ်ဖွဲ့က ယခုအမှုကို စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့က သက်သေအထောက်အထားများ စုဆောင်းမှုနှင့် လုယက်သူများကို ခြေရာခံ ရှာဖွေဖမ်းဆီးနိုင်ရေး CCTV မှတ်တမ်းများအား စစ်ဆေးရန် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းတာဝန်ပေးထားကြောင်း သိရသည်။
Source: The Thaiger