ရုရှား - ယူကရိန်း စစ်ပွဲအတွက်  မြောက်ကိုရီးယားအပြင် မြန်မာနှင့် လာအို စစ်သားများကိုလည်း ရုရှားက ခေါ်ယူထား 

ရုရှား - ယူကရိန်း စစ်ပွဲအတွက်  မြောက်ကိုရီးယားအပြင် မြန်မာနှင့် လာအို စစ်သားများကိုလည်း ရုရှားက ခေါ်ယူထား 
ဒီဇင်ဘာ 3, 2024 | နိုင်ငံတကာသတင်း
By Mr John

 ယူကရိန်းစစ်ပွဲအတွင်း စစ်သားနှင့် စစ်လက်နက်ပစ္စည်း (၂) ခုလုံး အကြီးအကျယ် ဆုံးရှုံးနေသည့် ရုရှားက မြောက်ကိုရီးယား စစ်သားများ အပြင် မြန်မာနှင့် လာအိုနိုင်ငံတို့၏  စစ်သားများကိုလည်း စစ်ပွဲတွင် ပါဝင် တိုက်ခိုက်စေကြောင်း  သတင်း ထွက်ပေါ်လာသည်။ 

ပူတင်၏ စစ်တပ်မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် စစ်သား (၄၅,၇၂၉) ဦး ဆုံးရှုံးခဲ့ကြောင်း ယူကရိန်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ယူကရိန်းနှင့် စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ရန် ရုရှားက မြန်မာနှင့် လာအို နိုင်ငံသားများကို စစ်သားသစ်များအဖြစ် ခေါ်ယူနေကြောင်း ယူကရိန်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လက်ရှိ အကြံပေးပုဂ္ဂိုလ်နှင့် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း Anton Gerashchenko က ၎င်း၏  X လူမူကွန်ရက်၌ ယူနီဖောင်းတွင် မြန်မာအလံ တပ်ဆင်ထားသော စစ်သား ပါဝင်သည့် ဓာတ်ပုံတစ်ပုံနှင့်အတူ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂)ရက်နေ့က ပို့စ်တင်ထားသည်။



၂၀၁၆ ခုနှစ်တွင် ရုရှားနှင့် မြန်မာ ကာကွယ်ရေးဝန်ကြီးဌာနတို့အကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးထားသည်ဟုလည်း ၎င်းက ဆိုသည်။ 

ထို့အပြင် Laros-2024 စစ်ရေးလေ့ကျင့်မှု၏ အစိတ်အပိုင်းအဖြစ် ရုရှားသို့ လာအိုစစ်သားများ ရောက်ရှိလာပြီးနောက် ၎င်းတို့ကို ယူကရိန်းစစ်ပွဲတွင် ပါဝင်တိုက်ခိုက်ရန် ပို့ဆောင်လိုက်ကြောင်းလည်း Anton Gerashchenko ၏ X ပို့စ်တွင် ရေးသားထားသည်။

မြောက်ကိုရီးယားကလည်း ရုရှားသို့ ၎င်း၏ စစ်သား (၁၂,၀၀၀) စေလွှတ်ထားပြီး ၎င်းတို့အနက် အများအပြားကို Kursh ရှေ့တန်းစစ်မျက်နှာတွင် ဖြန့်ကျက်ချထားကြောင်း သိရသည်။ 

မကြာသေးမီက ပူတင်၏ စစ်တပ်တွင် မြန်မာနှင့် လာအိုမှ စစ်သားများ ပါဝင်လာကြောင်း ရုရှားအစိုးရကို လိုလားသည့် ဘလော့ဂါများထံမှ သတင်းများက ဆိုသည်။

ယူကရိန်းနှင့် စစ်ပွဲတွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ တစ်လတည်း၌ပင် ရုရှားစစ်သား (၄၅,၇၂၉) ဦး သေဆုံးခဲ့ပြီး ထိုအရေအတွက်မှာ တပ်မ (၃) ခုစာနှင့် ညီမျှကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ 

ယူကရိန်းတပ်ဖွဲ့များက ရုရှားစစ်တပ်၏ ပေါင် (၂.၃) ဘီလီယံ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း ဝန်ကြီးဌာနက ဆိုသည်။ 

ထိုပမာဏမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာ (၂) လအတွင်း ဖျက်ဆီးခဲ့မှုထက် ပိုများကြောင်း သိရသည်။ 

ယူကရိန်းစစ်တပ်က ရုရှား၏ တင့်ကား (၃၀၇) စီး၊ သံချပ်ကာ တိုက်ခိုက်ရေးယာဥ် (၈၉၉) စီးနှင့် အမြောက် (၈၈၄) ခုကို ဖျက်ဆီးနိုင်ခဲ့သည်။

 ရုရှားစစ်တပ်မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း တစ်ရက်တည်းတွင် စစ်သား (၂,၀၃၀) ဆုံးရှုံးခဲ့ကြောင်းနှင့် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် ပူတင်က ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် နေ့အလိုက် သေဆုံးမှုနှုန်း အများဆုံး ဖြစ်လာသည်။



ယူကရိန်းနှင့် စစ်ပွဲတွင် ယခုအချိန်အထိ ထိခိုက်ဒဏ်ရာရရှိထားသူ နှင့် သေဆုံးသူ စုစုပေါင်း ရုရှားစစ်သား (၇၄၃,၉၂၀) ဦး အထိရှိကြောင်း ခန့်မှန်းထားသည်။ 

ထိုအခြေအနေအရ လက်ရှိတွင် ယူကရိန်း၏ Donestk ဒေသကို ထိုးစစ်ဆင်နေသော ရုရှားစစ်တပ်မှာ ၎င်းတို့နှင့်အတူ ပါဝင်တိုက်ခိုက်ရန် စစ်သားအင်အား အသည်းအသန် လိုအပ်နေသည်။

Source: Express