ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းနယ်မြေတွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၇၆၂)ဦးကို "ဝ" တပ်ဖွဲ့ - UWSA က ဖမ်းဆီးပြီးနောက် တရုတ်အစိုးရထံ ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၁၉)ရက်နေ့က အပ်နှံလိုက်ကြောင်း သိရသည်။
ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၆၂)ဦးနှင့်အတူ စတားလင့် (၇၆)ခု၊ ဖုန်း(၁၅၄၉) လုံး၊ ကွန်ပျူတာ(၈၂)လုံးကိုလည်း သိမ်းဆည်းရရှိသည်ဟု သိရသည်။
UWSA အနေဖြင့် ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ပြည်သူ့ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အရ တရုတ်နိုင်ငံထံ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
“ကျွန်တော်တို့"ဝ"အဖွဲ့လှုပ်ရှားတဲ့ တန့်ယန်းနယ်မှာ (၁၀၀၀)ကျော်ဖမ်းမိ (၇၆၂)ယောက်က တရုတ်ပြည်က။
မနေ့က တရုတ်နယ်စပ်ခြားဂိတ်မှာ လွှဲပြောင်းပေးလိုက်ပါတယ်။”ဟု UWSA ၏ လားရှိုးမြို့နယ် ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက Tachileik News Agency ကိုပြောသည်။
ဖမ်းဆီးရမိသူများအနက်မှ တရုတ်နိုင်ငံသားများကို မိုင်းမောခရိုင် ပန်ဝိုင်မြို့နယ်ရှိ ဒီယုံးဟော့ နယ်ခြားဂိတ်မှတဆင့်လွှဲပြောင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
တန့်ယန်းမြို့တွင် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ပြီးခဲ့သည့် ဇူလိုင်လ(၁၀)ရက်နေ့တွင် UWSA (ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်)
အင်အားထောင်ချီဖြင့် တန့်ယန်းမြို့ကို ဝင်ရောက်တပ်စွဲထားခြင်းဖြစ်သည်။