ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့တွင် ပွန်ချောင်းရေမြင့်တက်ခြင်းကြောင့် မြို့တွင်းနှင့် ကျေးရွာများ ရေနစ်မြုပ်နေပြီး အကူညီများစွာလိုအပ်နေကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသည့် Karenni Political Prisoners Association-KPPA ထံမှ သိရသည်။
ယခုရက်ပိုင်းအတွင်း ပွန်ချောင်းရေမြင့်တက်ခြင်းကြောင့် ရေဆက်လက်မြင့်တက်လာကာ ဒီးမော့ဆိုမြို့တွင်း အနိမ့်ပိုင်းမှ ဒေသခံများ ပြောင်းရွှေ့နေကြရကာ ပွန်ချောင်းဘေးရှိ စစ်ဘေးရှောင်တဲများလည်း ရေစီးနှင့်မျောပါသွားသဖြင့် အကူအညီများလိုအပ်နေသည်ဟု ဆိုသည်။
“ရေကြီးတာတွေတော့ ဒီရက်မှာ ပိုဆိုးလာတယ်ခင်ဗျ။ မြို့ထဲကလူတွေလည်း အရွှေ့အပြောင်းတွေများလာကြပြီး ရွာဘက်တွေမှာလည်း စိုက်ပျိုးသီးနှံတွေ ရှုံးဆုံးမှုများစွာ ကြုံတွေ့နေကြရပါတယ်။ စစ်ရှောင်ရင်း ပွန်ချောင်းဘေးမှာ တဲဆောက်နေကြတဲ့သူတွေဆိုရင်လည်း ရေထဲမျှောပါသွားတဲ့အတွက် တဲဆောက်ဖို့ မိုးကာအလုံလောက် မရရှိနေသေးဘူး။”ဟု Karenni Political Prisoners Association-KPPA မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
လက်ရှိတွင် မြို့ပေါ်၌ သွားလာနိုင်သည့်အခြေအနေဖြစ်သော်လည်း ကျေးရွာများမှာ ရေကြီးနစ်မြုပ်မှုကြောင့် ဆေးဝါး အလုံအလောက် ရရှိမှု မရှိတော့သည့်အပြင် ဆေးပေးခန်းများတွင်လည်း ဆေးဝါးအခက်အခဲများနှင့် ကြုံတွေ့နေကြရပြီး ပွန်ချောင်းတလျောက်ရှိ စစ်ရှောင်စခန်း အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)နှင့် (၇)တို့ အကုန်လုံး ပျက်စီးကြောင်း သိရသည်။
“ပျက်စီးသွားသော စစ်ရှောင်တဲစုစုပေါင်း (၃၀၀)ကျော်မကရှိနေပြီး တခြားသော အဖွဲ့အစည်းတွေလည်း ကူညီထောက်ပံ့ပေးခြင်းကြောင့် နေအိမ်အနည်းငယ် ပြန်လည်ထူထောင်လာနိုင်ခဲ့ပြီလို့ သိထားရပါတယ်။ ကျန်ရှိနေသေးသော စစ်ရှောင်တဲ ပြန်လည်ထူထောင်ပေးဖို့အတွက် လိုအပ်ချက်တွေလည်း များစွာရှိနေပါတယ်ခင်ဗျ။”ဟု ၎င်းက ဆက်ပြောသည်။
ရေကြီးနစ်မြုပ်မှုကြောင့် ပွန်ချောင်းတလျောက် စစ်ရှောင်နေသူတချို့မှာ နေရပ်သို့ပြန်ပြီး မပြန်ရဲသေးသူများမှာ ရေနှင့်လွတ်ရာ အနီးအနားသို့သာ ပြောင်းရွှေ့နေကြကာ မြို့ပေါ်မှ ဒေသခံများမှာ လိုင်းကားများ ရှိနေသေးသဖြင့် နီးစပ်ရာမြို့များကို အရေးပေါ်ပြောင်းရွှေ့နေကြရပြီဟု သိရသည်။
“ရေမျက်မှာပြင် ထပ်မံမြင့်တက်လာနေပါက အသွား၊ အလာ လုံးဝအဆင်မပြေတော့မှာ သေချာပါတယ်ခင်ဗျ။ ရှေ့နှစ်ပတ်လောက်က သိသိသာသာရေတက်လာပြီး ကယားတစ်ပြည်နယ်လုံးမှာ လူဦးရေ (၂၀)ကျော် အသေအပျောက်ရှိပါတယ်။”ဟု ၎င်းကဆက်ပြောသည်။
မိုးဗြဲနယ်တွင်လည်း ဝါရီစူးပလိုင်ကျေးရွာ၊ ပီကင်းကောခူ၊ နမ့်မယ်ခုံမြို့၊ ဒေါဆော်လိ၊ ဒေါညေးခူ၊ ပီကင်း၊ လွယ်ယင်းကြားရှိ ခြံများ ရေမြုပ်နေသည့်အပြင် ပီကင်းလုံးဖိရှိ စစ်ရှောင်စခန်းများလည်း ရေမြုပ်နေပြီဟု သိရသည်။
#TachileikNewsAgency
Photo:CJ