ဆိုးရွားစွာ ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့သည့် တာချီလိတ်မြို့တွင် ရေများကျသွားပြီးနောက် ရေထဲမျောပါ သေဆုံးနေသည့် အလောင်း တွေ့ရှိ

ဆိုးရွားစွာ ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့သည့် တာချီလိတ်မြို့တွင် ရေများကျသွားပြီးနောက် ရေထဲမျောပါ သေဆုံးနေသည့် အလောင်း တွေ့ရှိ
စက်တင်ဘာ 17, 2024 | ရှမ်းရှေ့

 ဆိုးရွားစွာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် တာချီလိတ်မြို့တွင် ရေထဲမျောပါ သေဆုံးသူများရှိနေရာ မယ်ဆိုင်ချောင်းထဲကနေ မျောပါသေဆုံး နေသည့် အမျိုးသားတစ်ဦး၏ အလောင်း တစ်လောင်းအား ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၇)ရက်နေ့ နံနက်(၁၀)နာရီ ဝန်းကျင်အချိန်က ထပ်မံတွေ့ရှိရကြောင်း သိရသည်။

 



တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်မှ ဦးထွန်အောင်ဂိတ်တို့သွားသည့် မြို့ပတ်လမ်းဘေး ရန်အောင်မြေရပ်ကွက်အထွက်ဘက် ညောင်ပင်ကြီးရှေ့ဘက် မယ်ဆိုင်ချောင်းဘေးတွင် အမည်မသိ အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိထားပြီး နံနက်(၁၀)နာရီခွဲအထိ လာရောက် သယ်ဆိုင်နိုင်သေးခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါနေရာဝန်းကျင်တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့ နှင့် (၁၅)ရက်နေ့များက အလောင်း(၂)လောင်း မျောပါလာရာ ယနေ့ တွေ့ရှိရသည့် အလောင်းအပါအဝင် စုစုပေါင်း (၃)လောင်း တွေ့ရှိထားရကြောင်း သိရသည်။

 

"(၁၅)ရက်နေ့က ရေချောင်းထဲတော့ မဟုတ်ဘူး ကုန်းပေါ်မှာ တစ်လောင်းတွေ့တယ်။ အဲ့အရင် တနေ့ကတော့ အခုလိုမျိုးပဲ ချောင်းထဲမှာ တွေ့တာ။ ဒီနေ့တွေ့တဲ့ အလောင်းကိုတော့ အခုချိန်ထိပဲ လာမသယ်သေးဘူး"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ယနေ့ နံနက်(၁၁)နာရီအချိန်တွင် ပြောသည်။



တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ (၁၂)ရက်နေ့အထိ အဆိုးရွားဆုံး ရေကြီးရေလျှံမှုနှင့်အတူ မြေပြိုမှုများရှိသည့်အတွက် လူသေဆုံးမှာမှု အနည်းဆုံး (၁၅)ဦးအထက်ရှိနေသော်လည်း သက်ဆိုင်ရာများက စာရင်းအတိအကျ ရရှိရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ရေထဲမျောပါသွားသူ တော်တော်များများရှိနေသော်လည်း ယနေ့အထိ ရှာဖွေတွေ့ရှိရခြင်း မရှိသေးကြောင်း နှင့် လတ်တလော တွေ့ရှိရသည့် အလောင်းများမှာလည်း မည်သူဆိုသည်ကို မသိရှိရသေးကြောင်း သိရသည်။