လွိုင်ကော်မြို့ တွင် ရပ်ကွက်နှင့် ကျေးရွာများအတွင်း ရေ ဆက်တက်ကာ မြုပ်နေ

လွိုင်ကော်မြို့ တွင် ရပ်ကွက်နှင့် ကျေးရွာများအတွင်း ရေ ဆက်တက်ကာ မြုပ်နေ
စက်တင်ဘာ 16, 2024 | ကယား

 ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့တွင် ဘီလူးချောင်းရေတက်ခြင်းကြောင့် ရပ်ကွက်နှင့် ကျေးရွာများတွင် ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့ ညနေပိုင်းအချိန်အထိ  ရေမြုပ်နေကြောင်း သိရသည်။ 

 စက်တင်ဘာလ(၁၅)ရက်နေ့က စတင်ကာ ဘီလူးချောင်းရေတက်လာပြီး လွိုင်ကော်မြို့တွင်း ရပ်ကွက်တချို့နှင့် ကျေးရွာများတွင် ရေ နစ်မြုပ်နေခြင်းဖြစ်သည်။ 

"ရေက ဆက်တက်နေတုန်းဘဲဗျ။ ဘီလူးချောင်းနဲ့ တောင်ကျရေတွေတက်တာပါ။ ဒေသခံတွေကတော့ ကုန်းမြင့်ပိုင်းနဲ့ လွတ်တဲ့အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေပေါ် တက်နေရတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို စက်တင်ဘာလ(၁၆)ရက်နေ့ ညနေပိုင်းတွင် ပြောသည်။



လက်ရှိတွင် လွိုင်ကော်မြို့ရှိ နမ့်ကွဒ်၊ ချိကယ်အစပ် ၊ ဒေါနိုးကူး၊ မှုံပြာ၊ ဘုရားဖြူ၊ ဖေါင်းတော၊ ဘုရားနီ မင်းစုကွက်သစ် စသည့် ရပ်ကွက်နှင့် ကျေးရွာများ ရေမြုပ်နေကာ လူနေထိုင်နိုင်ခြင်း မရှိတော့သဖြင့် ပြောင်းရွေ့နေကြရသည်ဟု သိရသည်။ 

 

"စစ်ဘေးနဲ့ ရေဘေးပါရောနေတာဆိုတော့ လိုအပ်တာတွေ အများကြီးပါဗျ။ အခုက ရေကတော့ ပုံမှန်ထက် ပိုလွှတ်နေပါတယ်။ မလွှတ်ရင်လည်း မိုးဗြဲရေ ကာတာ ခံနိုင်ဝန်ကျော်သွားရင် ပိုဆိုးသွားမှာပါ။ မြို့ခံတွေဘဲ အဆင်ပြေသလို လှည့်ပတ်ကူညီနေရပါတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။ 

လွိုင်ကော်မြို့သို့ ဝင်ရောက်လာသည့် မြစ်ရေများမှာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကရေများဖြစ်သည်ဟု ဆိုသည်။