ချောင်းရေမြင့်တက်လာနေပြီး ရေကြီးရေလျှံမှု ပိုမိုဆိုးရွားလာသည့် တာချီလိတ်မြို့တွင်း ရပ်ကွက်များတွင် ပိတ်မိနေသူ များပြားနေလျှက်ရှိရာ တာလော့ရပ်ကွက်အတွင်း The Nich Hotel အနီးရှိ (၂)ထပ် အဆောက်အဦးအတွင်း၌ ကလေးငယ်များ အပါအဝင် လူဦးရေ (၄၀)ကျော် ပိတ်မိနေပြီး စားစရာနှင့် အကူအညီများ လိုအပ်နေကြောင်း သိရသည်။
"ကယ်ဆယ်ရေး ဖုန်းတွေကိုလည်း တစ်လုံးမှ ဆက်သွယ်လို့မရဘူး။ အခုချိန်ထိလည်း ထမင်းရော ဘာမှာ လုပ်ပို့တာမရှိသေးဘူး"ဟု ပိတ်မိနေသူ တစ်ဦးက Tachileik News Agency သို့ ယနေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်တွင် ပြောသည်။
နေအိမ်အခန်းငှား (၂)ထပ် အဆောက်အဦးတွင် အောက်ထပ်များမှာ ရေနစ်မြုပ်သွားပြီး လူ(၄၀)ကျော်မှာ အပေါ်ထပ်သို့ တက်နေရကြောင်းနှင့် ညကတည်းက မစားသောက်ရသေးသလို အကူအညီကယ်ဆယ်ရေးများကို စောင့်မျှော်နေလျှက်ရှိကြောင်း သိရသည်။
လာရောက်ခေါ်ဆောင်ပေးဖို့ အဆင်မပြေသေးပါကလည်း ရေနှင့်စားစရာများ ကူညီပေးဖို့ မေတ္တာရပ်ခံလာသည်။
အလားတူပင် တာချီလိတ်မြို့ပေါ်ရပ်ကွက်တော်တော်များများတွင် ရေလွှမ်းမိုးနေခြင်းကြောင့် နေအိမ်ကနေ ထွက်လို့မရဘဲ ပိတ်မိနေသူ အများအပြားရှိနေကြောင်းသိရသည်။