တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ရေများမှာ နေအိမ်၏ ဒုတိယအထပ်သို့ ရောက်နေပြီး ပိတ်မိနေသူများက အကူအညီ စောင့်မျှော်နေ

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ရေများမှာ နေအိမ်၏ ဒုတိယအထပ်သို့ ရောက်နေပြီး ပိတ်မိနေသူများက အကူအညီ စောင့်မျှော်နေ
စက်တင်ဘာ 10, 2024 | ရှမ်းရှေ့

 တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ရေများ ဆက်လက်တက်လာနေမှုများကြောင့် ရေများမှာ နေအိမ်၏ ပထမအထပ်ကို ကျော်လွန်ပြီး ဒုတိယအထပ်အထိ  ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ ည(၈)နာရီတွင် ရောက်ရှိနေ၍ ပိတ်မိနေသူ ကလေးငယ်များနှင့်သက်ကြီး ရွယ်အိုများအတွက် အခက်အခဲများ ဖြစ်ပေါ်နေပြီး အကူအညီများ အမြန်လိုအပ်နေလျှက်ရှိကြောင်း သိရသည်။



"(၂)ထပ်အထိ ရေဝင်လာပြီ အခု ခေါင်မိုးအောက်မှာ နေနေရတယ်"ဟု ပိတ်မိနေသူ တစ်ဦးက ပြောလာသည်။

ပုန်းထွန်ရပ်ကွက်အတွင်း တစ်ထပ်နေအိမ်များမှာ နစ်မြုပ်သွားပြီး နှစ်ထပ်အထက် နေအိမ်များမှာလည်း ရေများမှာ ဒုတိယအထပ်အထိ ရောက်ရှိနေခြင်းဖြစ်၍ လွတ်ရာသို့ သွားလိုသော်လည်း ပိတ်မိနေဆဲဖြစ်သည်။

ပိတ်မိနေသူများထဲတွင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသည့်အတွက် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

"ကလေးငယ်လေးလည်းရှိနေသလို အသက်ကြီးရွယ်အိုလည်းရှိနေတယ်။ ရေက ကျသွားတာမရှိဘဲ ပိုတက်လာတယ်။ လွတ်ရာကို ခိုကပ်နေမယ်ဆိုရင်လည်း ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေအတွက်က အဆင်မပြေဘူးဖြစ်နေတယ်။ ရေဆက်တက်လာမှာကို ကြောက်နေရတယ်။"ဟု ပိတ်မိနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့်လည်း ရေများဆက်လက်တိုးလာနေပြီး ရေစီးသန်နေမှုများကြောင့် အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။