ရေကြီးရေလျှံမှု မြင့်တက်နေသည့် တာချီလိတ်မြို့တွင် ပုန်းထွန်ရပ်ကွက်အတွင်း မယ်ဆိုင်ချောင်းဘေးရှိ နေအိမ်အခန်းငှားတွင် လူဦးရေ (၅၀)ဝန်းကျင် ပိတ်မိနေ

ရေကြီးရေလျှံမှု မြင့်တက်နေသည့် တာချီလိတ်မြို့တွင် ပုန်းထွန်ရပ်ကွက်အတွင်း မယ်ဆိုင်ချောင်းဘေးရှိ နေအိမ်အခန်းငှားတွင် လူဦးရေ (၅၀)ဝန်းကျင် ပိတ်မိနေ
စက်တင်ဘာ 10, 2024 | ရှမ်းရှေ့

 ရေကြီးရေလျှံမှု မြင့်တက်နေသည့် တာချီလိတ်မြို့တွင် ပုန်းထွန်ရပ်ကွက်အတွင်း မယ်ဆိုင်ချောင်းဘေးရှိ နေအိမ်တိုက်ခန်းငှားအတွင်းမှ လူဦးရေ (၅၀)ဝန်းကျင် ပိတ်မိနေ၍ အကူအညီလိုအပ်နေကြောင်း သိရသည်။

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း အလူရာဟိုတယ်သွားလမ်းဟု လူသိများသည့် ဗေဒါလမ်းအတွင်း နန္ဒာဝန်ဥယျာဉ်ဟိုတယ်ဘေး  အမှတ်(၈/၃၅)ဝန်းတွင်းရှိ နေအိမ်တိုက်ခန်းငှားတွင် ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေသည့် လူဦးရေ (၅၀)ဝန်းကျင်ရှိကြောင်း သိရသည်။

"အိမ်ခန်းငှားက (၃)ထပ်ရှိတယ်။ ချောင်းဘေးက အုတ်တံတိုင်း ပြိုသွားလို့ လက်ရှိ ရေအခြေအနေက (၂)ထပ်ကို ရေ ရောက်နေပြီလို့ ပြောတယ်။"ဟု ပိတ်မိနေသူများနှင့် နီးစပ်သူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ပုန်းထွန်ရပ်ကွက်သည် မယ်ဆိုင်ချောင်းနှင့် အနီးဆုံးဖြစ်သလို အနိမ့်ပိုင်းလည်းဖြစ်နေ၍ ရေများမှာ အစမတန် ဖုံးလွှမ်းနေရာ ယခု ပိတ်မိနေသည့် နေရာမှာ အန္တရာယ်ရှိသော နေရာဖြစ်၍ ပိတ်မိနေသူများမှာ စိုးရိမ်ကြောင့်လန့်နေကြောင်း သိရသည်။

အလားတူပင် ပုန်းထွန်ရပ်ကွက်အတွင်း ရေလွှမ်းမိုးခံထားရသည့် နေရာများတွင် ပိတ်မိနေသူ တော်တော်များများရှိနေပြီး ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနိုင်သူများကို စောင့်မျှော်နေကြရကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ နံနက်အစောပိုင်းအချိန်ကစပြီး ညပိုင်းအထိ ရေကြီးရေလျှံမှု မြင့်တက်နေခြင်းကြောင့် လျှပ်စစ်အန္တရာယ်ကင်းရေးအတွက် လျှပ်စစ်မီး ဖြတ်တောက်ထားရကြောင်းနှင့် ရေများမှာ ဆက်လက်တက်လာနေ၍ ကယ်ဆယ်ရေးလုပ်ငန်းများအတွက်လည်း အခက်အခဲများ ရှိနေကြောင်း သိရသည်။