ပြည်သူကို ချနင်းနေသည့် စစ်အုပ်စုကို အမြန်ဆုံး နိဂုံးချုပ်ပေးနိုင်မှသာ ပြည်သူများ အသက်ဝဝ ပြန်ရှူနိုင်မည်ဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

ပြည်သူကို ချနင်းနေသည့် စစ်အုပ်စုကို အမြန်ဆုံး နိဂုံးချုပ်ပေးနိုင်မှသာ ပြည်သူများ အသက်ဝဝ ပြန်ရှူနိုင်မည်ဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော
သြဂုတ် 28, 2024 | 2021 Military Coup

ပြည်သူကို ချနင်းနေသည့် စစ်အုပ်စုကို အမြန်ဆုံး နိဂုံးချုပ်ပေးနိုင်မှသာ ပြည်သူများ အသက်ဝဝ ပြန်ရှူနိုင်မည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၇) ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ထွက်ပေါက်မရှိသည့် သမိုင်းတလျှောက် အဆိုးဆုံး စစ်ရေးရှုံးနိမ့်မှုများနှင့် ရင်ဆိုင်နေရသည့် စစ်အုပ်စုသည် ပြည်သူကိုချနင်းသည့် နည်းလမ်းမျိုးစုံအား အသုံးပြုပြီး တိုင်းပြည်ကို ၎င်းတို့နှင့်အတူ အဆုံးထိ ဆွဲချသွားလိုသည်ကို တော်လှန်ရေးအင်အားစုများအနေဖြင့် အထူးသတိထားစောင့်ကြည့်ပြီး ပြင်ဆင်သင့်သည်များ ပြင်ဆင်ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

“ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းတုန်းက အသက် (၃၅) နှစ် အထိ မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေတစ်ခုကို ထုတ်ပြန်ခဲ့ပြီး လူငယ်လူရွယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းဖို့ စေခိုင်းခဲ့တဲ့ စစ်အုပ်စုဟာ အခုဆိုရင် အသက် ၃၅ နှစ်ကနေ အသက် ၆၅ နှစ်အထိ အရပ်သားအမျိုးသားတွေကို ရက်တို စစ်သင်တန်းတက်ခိုင်းပြီး ရပ်ကွက်နဲ့ ကျေးရွာတွေက ပြည်သူ့လုံခြုံရေးကြီးကြပ်အဖွဲ့တွေမှာ မဖြစ်မနေပါဝင်ခိုင်းဖို့ စီစဉ်ဆောင်ရွက်လာပြန်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ငွေကြေးတန်ဖိုး ကျဆင်းမှုများနှင့်အတူ အထွေထွေအကြပ်အတည်းကို မွန်းကြပ်စွာ ရင်ဆိုင်နေရသည့် ပြည်သူများကို ဒုက္ခအထပ်ထပ်ပေးရန် လုပ်ဆောင်နေသည့် စစ်အုပ်စု အမြန်ဆုံး နိဂုံးချုပ်ပေးနိုင်မှသာ ပြည်သူများ အသက်ဝဝပြန်ရှုနိုင်ကြမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုသည်။

“အစိုးရအနေနဲ့လည်း လုပ်ဆောင်သင့်တဲ့ကိစ္စတွေကို အချိန်နဲ့တပြေးညီ လုပ်‌ဆောင်ကြဖို့ အရေးကြီးပါတယ်။ တော်လှန်ရေးအင်အားစုတွေအားလုံးက စုစုစည်းစည်းနဲ့ အသင့်အနေအထား ဖြစ်အောင် ပြင်ဆင်ထားကြရမှာ ဖြစ်ပါတယ်။ အချင်းချင်းကြားမှာ ယုံကြည်မှုတွေတိုးပွားပြီး အလုပ်တွေတူတူလက်တွဲလုပ်ရင်းနဲ့ ကျွန်တော်တို့ ပုံဖော်ချင်တဲ့ အနာဂတ်ကိုလည်း အတူစဉ်းစားနိုင်ကြမှာ ဖြစ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

တော်လှန်ရေး၏ လက်ရှိအခြေအနေအရ အစိုးရအနေနှင့် တပြိုင်တည်း လုပ်ကိုင်ဆောင်ရွက်စရာများ များပြားနေပြီး ၊ စစ်ရေးကဏ္ဍတွင်မူ မဟာမိတ်တပ်များနှင့် PDF များ၏ ပူးပေါင်းအားနှင့် ပြည်သူများ၏ ထောက်ခံအားပေးမှုများကြောင့် အောင်ပွဲများ ဆက်လက်ဆင်နွဲနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

စစ်ရေးအရှိန်မြှင့်တင်မှုများနှင့်အတူ နိုင်ငံရေးအခြေအနေများတွင်လည်း ကဏ္ဍစုံကတိုးတက်မှုရှိအောင် ကြိုးစားကြရမည်ဖြစ်ပြီး နိုင်ငံရေးအခြေအနေတွင် နိုင်ငံခြားရေး ၊ သံတမန်ရေး အခြေအနေများကအစ တော်လှန်ရေးအင်အားစုအသီးသီးနှင့် စုစည်းနိုင်မှုအပါအဝင် အုပ်ချုပ်ရေးဆိုင်ရာကဏ္ဍများပါမကျန် ပါဝင်နေကြောင်း ၎င်းကဆိုသည်။

“တော်လှန်ရေးကို ဦးဆောင်နေကြသူတွေအနေနဲ့ နိုင်ငံရေးကဏ္ဍဘက်မှာ လက်ရှိကာလ ဖြစ်နိုင်ချေတွေကို ရှုထောင့်ပေါင်းစုံက စဉ်းစားပြီး စုပေါင်းပြင်ဆင်ရမှာတွေ ရှိပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

နိုင်ငံရေးအရဆိုပါက ဇန်နဝါရီလ (၃၁) ရက်နေ့က ထုတ်ပြန်ထားသည့် ဘုံသဘောထားရပ်တည်ချက်ကို အခြေပြုပြီး ဆက်လက်ဆောင်ရွက်စရာရှိသည်များကို အားစိုက်သွားကြရမည်ဖြစ်ပြီး၊ အဆိုပါ သဘောထားရပ်တည်ချက်ကို တော်လှန်ရေးအင်အားစုများ အားလုံးလက်ခံပြီး အတူတကွ သွားကြမည့် ပန်းတိုင်အဖြစ် သေချာအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

ရှေ့နှစ်များတွင် စစ်အုပ်စုသည် နောက်ဆုံးထွက်ပေါက်အဖြစ် အတုအယောင်ရွေးကောက်ပွဲကို မဖြစ်မနေဆောင်ရွက်လာမည်ဖြစ်ပြီး ထောက်ခံမည့်နိုင်ငံတချို့လည်း ရှိနေသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆိုပါအချက်ကို ထည့်သွင်းစဉ်းစားပြီး တစ်ဘက်က စစ်ရှိန်မြှင့်နိုင်သမျှ မြှင့်ပြီး တစ်ဘက်ကလည်း နိုင်ငံရေးအရ ပြင်ဆင်ထားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

#TachileikNewsAgency