အွန်လိုင်းဂိမ်းကစားမှုနှင့် ပတ်သက်၍ အငြင်းပွားပြီးနောက် လက်သည်းညှပ်၊ ဓားနှင့် သော့တွဲကို မျိုချ

အွန်လိုင်းဂိမ်းကစားမှုနှင့် ပတ်သက်၍ အငြင်းပွားပြီးနောက် လက်သည်းညှပ်၊ ဓားနှင့် သော့တွဲကို မျိုချ
သြဂုတ် 28, 2024 | နိုင်ငံတကာသတင်း
By Mr John

 အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် အွန်လိုင်းဂိမ်းကစားမှုနှင့် ပတ်သက်၍ အငြင်းပွားပြီးနောက် ကောင်လေးတစ်ဦးက လက်သည်းညှပ်၊ ဓားတစ်ချောင်းနှင့် သော့တွဲတစ်တွဲကို မျိုချလိုက်သည့် ထိတ်လန့်စရာဖြစ်ရပ် ဖြစ်ပွားခဲ့သည်။ 

ဘီဟာပြည်နယ် Motihari မြို့ရှိ Chandimari အရပ်တွင် အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကောင်လေး၏ မိသားစုက သော့တွဲ ရှာမတွေ့ရာမှ ထိုဖြစ်ရပ်ကို သိလာရသည်ဟု ဆိုသည်။ 

သော့တွဲကို မျိုချလိုက်ကြောင်း ကောင်လေးက ပြောခဲ့သော်လည်း ကနဦးတွင် နောက်ပြောင်နေသည်ဟုသာ မိသားစုက ထင်ခဲ့ကြသည်။ 

သို့သော် နောက်ပိုင်းတွင်  မိသားစုက ကောင်လေးကို ဆရာဝန်တစ်ဦးထံ သွားရောက်ပြသရန် ဆုံးဖြတ်ခဲ့ပြီး ဆေးရုံသို့ အမြန်ပို့ခဲ့ရသည်။ 

ဆေးရုံတွင် စစ်ဆေးကြည့်ရာ မျိုချထားသော လက်သည်းညှပ် (၂) ခု၊ ဓားနှင့် သော့တွဲကို ၎င်း၏ အစာအိမ်ထဲ၌ တွေ့ရ၍ ထိုပစ္စည်းများ အားလုံးကို ခွဲစိတ်မှုလုပ်ပြီး ဖယ်ရှားခဲ့ရကြောင်း သိရသည်။

ကောင်လေးက ဂိမ်းကစားသူ အချင်းအချင်းကြား အငြင်းပွားပြီး ၎င်းက ထူးခြားပြီး ပိုမိုသာလွန်ကြောင်း သက်သေပြရန် မကြာသေးမီကစပြီး ထိုပစ္စည်းများကို မျိုချခဲ့ကြောင်း သိရသည်။

ကောင်လေး၏ မိခင်ဖြစ်သူ ပြောကြားမှုအရ ၎င်းမှာ ဆိုရှယ်မီဒီယာ၊ အွန်လိုင်းဂိမ်းနှင့် စမတ်ဖုန်းဖြင့် အင်တာနက်သုံးခြင်းကို စွဲလမ်းနေသူဖြစ်ကြောင်း နှင့် စိတ်ပိုင်းဆိုင်ရာ အားနည်းစေမည့် reels များကို စွဲစွဲလမ်းလမ်း ကြည့်လေ့ရှိကြောင်းလည်း မိခင်က ဆိုသည်။ 

ထို့အပြင် ၎င်း၏ စိတ်အနေအထားကို သက်ရောက်မှုရှိသည့် PUBG ကဲ့သို့ ဂိမ်းများလည်း ကစားလေ့ရှိကြောင်း မိခင်က ပြောသည်။

 

Source: News9Live