မန္တလေးတွင် တရုတ်နိုင်ငံသား ပါဝင်သည့် အွန်လိုင်းငွေလိမ်အဖွဲ့ တစ်ဖွဲ့ကို ဖမ်းဆီး

မန္တလေးတွင် တရုတ်နိုင်ငံသား ပါဝင်သည့် အွန်လိုင်းငွေလိမ်အဖွဲ့ တစ်ဖွဲ့ကို ဖမ်းဆီး
သြဂုတ် 20, 2024 | မှုခင်းသတင်း

 မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၇ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိ နေအိမ်တွင် တရုတ်နိုင်ငံသားများ နှင့် မြန်မာနိုင်ငံသားများ အပါအဝင် (၂၀)ဦးကို အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အွန်လိုင်းအသုံးပြုပြီး ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ အသက်(၂၈)နှစ်ရှိ တရုတ်နိုင်ငံသား ရန်လုံး အပါအဝင် (၄)ဦး နှင့် မြန်မာနိုင်ငံသား (၁၆)ဦး အပြင် နေအိမ်ကို ငှားရမ်းပေးထားသည် ဒေါ်စန္ဒာတို့အား ၂၀၂၄ခုနှစ် ဩဂုတ်လ(၁၈)ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့အား ဖမ်းဆီးမှုအတွင်း သက်သေခံပစ္စည်းများအဖြစ် လက်တော့ပ်(၂)လုံး၊ ကွန်ပျူတာ(၄)စုံ၊ wifi စက် (၃)လုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိသော်လည်း သိမ်းဆည်းရရှိ ငွေများကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားခြင်း မရှိပေ။

ဆက်လက်၍ Online အသုံးပြု၍ ငွေလိမ် လုပ်ငန်းများလုပ်ကိုင်သူ စုစုပေါင်း (၂၀)ဦး နှင့် နေအိမ်ပိုင်ရှင်တို့အား ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေ ရဲစခန်းတွင် အီလက်ထရောနစ်ဆက်သွယ်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃(က)/၃၈ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။