လားရှိုးမြို့တိုက်ပွဲတွင် ဒုတိုင်းမှူးနှင့်  ရှမ်းမြောက် ရဲမင်းကြီးတို့ သေဆုံးဟု စစ်ကောင်စီလော်ဘီများဖော်ပြ

လားရှိုးမြို့တိုက်ပွဲတွင် ဒုတိုင်းမှူးနှင့်  ရှမ်းမြောက် ရဲမင်းကြီးတို့ သေဆုံးဟု စစ်ကောင်စီလော်ဘီများဖော်ပြ
ဇူလိုင် 29, 2024 | 2021 Military Coup| ရှမ်းမြောက်

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တိုက်ပွဲတွင် ဒုတိုင်းမှူးနှင့် ရှမ်းမြောက် ရဲမင်းကြီးတို့ သေဆုံးကြောင်း စစ်ကောင်စီလော်ဘီချန်နယ်များက ဖော်ပြသည်။

လားရှိုးမြို့တိုက်ပွဲတွင် ဒုတိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ်တင်ထွန်းအောင်နှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူး(လားရှိုး)အဖြစ် ရဲမှူးကြီး‌‌ လှမင်းတို့သေဆုံးကြောင်း စစ်ကောင်စီလော်ဘီများက ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၉)ရက်နေ့တွင် ဖော်ပြနေကြခြင်းဖြစ်သည်။

“ရမခ ဒုတိုင်းမှူးနဲ့ ရှမ်းမြောက် ရဲမင်းကြီးတို့ကျဆုံး Confirmပါ။ ဆင်တောင် ၉၉ ဗဟမ ကျဆုံး။”ဟု စစ်ကောင်စီ လော်ဘီများက ဖော်ပြထားသည်။

လားရှိုးတိုက်ပွဲကို စစ်မြေပြင်တွင် ကြီးကြပ်ကွက်ကဲနေသည့် ရမခ ဒုစစ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်ထွန်းအောင်နှင့် ရဲမှူးကြီးလှမင်းတို့မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၆)ရက်နေ့က ဒရုန်းဖြင့်ဗုံးကြဲခံရကာ ဆေးကုသနေရရာက သေဆုံးသွားခြင်းဖြစ်သည်ဟုလည်း သတင်းများထွက်ပေါ်ခဲ့သည်။ 

အဆိုပါကိစ္စကိုလည်း CDM ဗိုလ်ကြီးဇင်ယော်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်ကိုလည်း တွေ့ရသည်။

လားရှိုးမြို့တွင် တိုက်ပွဲစတင်ဖြစ်ပွားစဉ် ဇူလိုင်လ(၄)ရက်နေ့က ဗိုလ်မှူးချုပ် တင်ထွန်းအောင်၏ နေအိမ်ကို လက်နက်ကြီးကျကာ (၂)ဦးသေဆုံးကြောင်း ဒေသခံများက Tachileik News Agency ကိုပြောဆိုသည်။

လက်ရှိတွင် လားရှိုးမြို့အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး UWSA တပ်များလည်း လားရှိုးမြို့အတွင်းသို့ ဝင်ရောက်နေရာယူထားကြောင်း သိရသည်။

#TachileikNewsAgency