ပြည်ပခရီးစဥ် မကြာခဏ သွားရောက်မှုအပေါ် ထိုင်းဝန်ကြီးချုပ် သာဗီစင်က ကာကွယ်ပြောဆို

 ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီစင် [ Photo: Srettha Thavisin ( FB ) ]
 ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီစင် [ Photo: Srettha Thavisin ( FB ) ]
ပြည်ပခရီးစဥ် မကြာခဏ သွားရောက်မှုအပေါ် ထိုင်းဝန်ကြီးချုပ် သာဗီစင်က ကာကွယ်ပြောဆို
By Mr John

 ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီစင်က ၎င်း၏ ရာထူးသက်တမ်း ပထမ (၁၀) လအတွင်း ပြည်ပခရီးစဥ်များ မကြာခဏ သွားရောက်မှုအပေါ် ၂၀၂၄ ခုနှစ် ဇွန်လ (၂၂) ရက်နေ့က ထုတ်လွှင့်သည့် ရုပ်မြင်သံကြား မိန့်ခွန်းတစ်ခုတွင် ကာကွယ်ပြောကြားခဲ့သည်။ 

အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီးနှင့် ထိုင်းနိုင်ငံရေးတွင် မျက်နှာသစ်ဖြစ်သူ သာဗီစင်က ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ဝန်ကြီးချုပ် သာဗီစင်က ရာထူးသက်တမ်း တစ်နှစ်မပြည့်မီအတွင်း ပြည်ပခရီးစဥ် (၁၅) ကြိမ် သွားရောက်ခဲ့သည်။ 

၎င်းက ပြည်သူလူထု ဝေဖန်မှုကို တုံ့ပြန်သည့် အနေဖြင့် ပြည်ပခရီးစဥ် သွားရောက်ခြင်းကို (၂) လကြာ ရပ်ဆိုင်းထားမည်ဟု ၂၀၂၄ ခုနှစ် မတ်လအတွင်း ကတိပြုခဲ့သည်။ 

"ဒီခရီးစဥ်တွေထဲက တချို့က ရှောင်လွှဲလို့ မရပါဘူး" ဟု ထိုင်းဝန်ကြီးချုပ် သာဗီစင်က အာဆီယံအဖွဲ့၏ တရားဝင် အစည်းအဝေးများအတွက် သွားရောက်ခဲ့သော ခရီးစဥ်များကို ရည်ညွှန်းပြောကြားခဲ့သည်။

ထို့အတူ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံသို့ ခရီးစဥ်နှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးရန် သီရိလင်္ကာနိုင်ငံသို့ သွားရောက်ခဲ့သည့် ပြည်ပခရီးစဥ်များကိုလည်း သာဗီစင်က ရည်ညွှန်းခဲ့သည်။ 

အခြား ပြည်ပခရီးစဥ်များမှာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ အရောင်းသမားဟု နာမည်ပြောင်ပေးခံရသူ ဝန်ကြီးချုပ် သာဗီစင်က ဆိုသည်။

ထိုင်းဝန်ကြီးချုပ် သာဗီစင်က စီးပွားရေးမြှင့်တင်ရန် အာရုံစိုက်ထားပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုများလာစေရန် ၎င်း၏ ရည်မှန်းချက်ကို မကြာခဏ ပြောလေ့ရှိသည်။ 

"သွားဖို့လိုတယ်လေ" ဟု ပြည်ပခရီးစဥ် မကြာခဏ သွားရောက်မှုနှင့် ပတ်သက်၍ ကြိုတင်ရိုက်ကူးထားသော ရုပ်သံမိန့်ခွန်းတွင် သာဗီစင်က မှတ်ချက်ပြု ပြောသွားခဲ့သည်။

 

Source: Reuters