ထိုင်းနိုင်ငံသို့ ၂၀၂၄ ခုနှစ်၏ ပထမ (၅) လအတွင်း ပြည်ပ ခရီးသွား (၁၅) သန်းနီးပါး ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူ ကာလကထက် (၃၈) ရာခိုင်နှုန်း မြင့်တက်လာကြောင်းနှင့် တရုတ်နိုင်ငံမှ ခရီးသွားများ အများဆုံးဖြစ်ကြောင်း ထိုင်းအစိုးရ ပြောခွင့်ရအမျိုးသား Chai Wacharonke က ၂၀၂၄ ခုနှစ် ဇွန်လ၏ ပထမပတ်အတွင်းက ပြောသည်။
၂၀၂၄ ခုနှစ်၏ ပထမ (၅)လ အတွင်း ထိုင်းသို့ ပြည်ပခရီးသွား (၁၄.၇၆) သန်း ဝင်ရောက်ခဲ့ပြီး နိုင်ငံအတွက် ဘတ် (၇၀၀) ဘီလီယံကျော် ဝင်ငွေရရှိခဲ့ကြောင်း ၎င်းကဆိုသည်။
ထိုခရီးသွားများအနက် တရုတ်နိုင်ငံမှ ခရီးသွား (၂.၉၁) သန်း ပါဝင်ပြီး အများဆုံး ဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ် တစ်နှစ်လုံးတွင် ပြည်ပခရီးသွား (၃၅) သန်း ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း Chai က ပြောသည်။
ခရီးသွားလုပ်ငန်းက နိုင်ငံ၏ စီးပွားရေး မြှင့်တင်ရန် အရေးပါသောကြောင့် ဝန်ကြီးချုပ် သာဗီစင်က ခရီးသွားလုပ်ငန်း တိုးတက်စေရေး ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။
ဝန်ကြီးချုပ် သာဗီစင်၏ "Ignite Thailand" ဖွံ့ဖြိုးတိုးတက်ရေး အစီအစဥ်၏ အစိတ်အပိုင်းအဖြစ် ခရီးသွားလုပ်ငန်းတွင် လုပ်ကိုင်သူများကို အရည်အသွေး မြှင့်တင်ရန် ဆောင်ရွက်နေသည်။
ခရီးသွားလုပ်ငန်းမှ ဝန်ထမ်းများ၏ အရည်အသွေး မြှင့်တင်ရန် ခရီးသွားလုပ်ငန်းနှင့် အားကစား ဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းကောင်စီတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဇွန်လ (၁၅) ရက်နှင့် (၁၆) ရက်နေ့တို့တွင် "Ignite Tourism Thailand: TAT Skill Factory" အမည်ဖြင့် သင်တန်းတစ်ခု ပြုလုပ်သွားမည်ဟုလည်း Chai က ပြောသည်။
COVID-19 ကပ်ရောဂါကာလအလွန်တွင် ခရီးသွားလုပ်ငန်းကနေ နိုင်ငံအတွက် ဝင်ငွေရရှိပြီး စီးပွားရေးမြှင့်တင်ရန် ထိုင်းနိုင်ငံက အာရုံစိုက် ကြိုးပမ်းနေသော်လည်း အိမ်နီးချင်း မြန်မာနိုင်ငံတွင်မူ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးအနှံ့ ပြည်တွင်းစစ်မီးတောက်လောင်နေရာ ပြည်ပခရီးသွား ဝင်ရောက်မှု မရှိသလောက်ပင် ဖြစ်ပြီး မြန်မာနိုင်ငံသား အများအပြားမှာလည်း ထိုင်းနိုင်ငံသို့ သွားရောက်နေထိုင်ကြသည်။
Source: Bangkok Post