ထိုင်းနိုင်ငံ ပတ္တရားမြို့ရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် ဖွင့်လှစ်ထားသော လောင်းကစားခန်းမကို ၂၀၂၄ ခုနှစ် မေလ (၁၇) ရက်နေ့တွင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့မှုအတွင်း တောင်ကိုရီးယားနိုင်ငံသား (၁၀) ဦး အဖမ်းခံရကြောင်း သိရသည်။
ချွန်ဘူရီပြည်နယ် ပတ္တရားမြို့ ဘန့်လမွန်းရှိ Sand Coffee ကော်ဖီဆိုင်၏ ဒုတိယထပ်တွင် ဖွင့်လှစ်ထားသော လောင်းကစားခန်းမကို ၂၀၂၄ ခုနှစ် မေလ (၁၇) ရက်နေ့ ည (၉) နာရီ (၂၆) မိနစ်၌ ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။
စီးနင်းမှုအတွင်း အခန်းတစ်ခန်းတွင် လောင်းကစားပြုလုပ်နေသည့် (၁၀) ဦးကို တွေ့ရှိခဲ့ပြီး ၎င်းတို့အားလုံးမှာ တောင်ကိုရီးယားနိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။
လောင်းကစားခန်းမနေရာကို ပိုင်ဆိုင်ကြောင်း ဝန်ခံထွက်ဆိုခဲ့သူ အသက် (၄၆) နှစ်အရွယ် ထိုင်းအမျိုးသား Phuek Prasomphan ကိုလည်း ဖမ်းဆီးလိုက်သည်။
လောင်းကစားခန်းမအတွင်းမှ လောင်းကစား စားပွဲတစ်လုံး၊ ဖဲချပ်များ၊ လောင်းကစားဝိုင်းသုံး တိုကင်ပြားများနှင့် ဘတ် (၁၆၀,၀၀၀) ခန့်ကို သိမ်းဆည်းရမိခဲ့သည်။
ရဲတပ်ဖွဲ့က တောင်ကိုရီးယားနိုင်ငံသား လောင်းကစားသမား (၁၀) ဦးထံမှ ပတ်စ်ပို့စ်များကို တောင်းယူစစ်ဆေးခဲ့ရာ ၎င်းတို့အားလုံးမှာ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာခဲ့ကြသူများ မဟုတ်သော်လည်း လောင်းကစားမှုဖြင့် ဖမ်းဆီးပြီး ပတ္တရားမြို့ ရဲစခန်းသို့ လွှဲပြောင်းခဲ့သည်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံသည် ၎င်း၏ နိုင်ငံအတွင်း လောင်းကစားလုပ်ငန်းများ ပပျောက်ရေးအတွက် အစဉ်တစိုက် ထိထိရောက်ရောက် နိမ်နှင်းနေသည့် နိုင်ငံဖြစ်၍ ၎င်းတို့နိုင်ငံအတွင်းမှ လုပ်ကစားလုပ်ငန်းများမှာ အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ နှင့် လာအိုနိုင်ငံများရှိ နယ်စပ်ဒေသများတွင် ပြောင်းရွှေ့ လုပ်ကိုင်လာကြောင်း သိသည်။
Source: Bangkok Post
Photo: The Pattaya News, Pattaya Mail