ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၏ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုအား မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ ရဲတပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့တာဝန်ပေးလိုက်ပြီး လစ်လပ်သွားသည့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နေရာကို ဦးကိုနီ လုပ်ကြံခံရသည့် ၂၀၁၈ခုနှစ်က ရန်ကုန်လေဆိပ်တွင် အဓိက တာဝန်ရှိဆုံး လုံခြုံရေးအရာရှိအဖြစ် ရဲမှူးကြီးရာထူးဖြင့် တာဝန်ကျခဲ့သည့် ရဲမှူးချုပ် ဝင်းမင်းသိန်းအား ၂၀၂၄ခုနှစ် မေလအတွင်း၌ ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် မှာ ၂၀၂၄ခုနှစ် နိုဝင်ဘာလတွင် အသက်(၆၂)နှစ်ပြည့်မည်ဖြစ်၍ ပင်စင်ယူမည်ဖြစ်၍ ၎င်း၏ နေရာအား ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၏ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို ကို အစားထိုး လိုက်ခြင်း ဖြစ်သည်။
ရဲမှူးချုပ် တင်ကိုကိုသည် နိုင်ငံ့အာဏာသိမ်းကာလအတွင်းက ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ပေါ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများကို ဖမ်းဆီးခြင်းနှင့် ပစ်ခတ်ဖမ်းဆီးသည်များကို အဓိက ညွှန်ကြားခဲ့သူ တစ်ဦးလည်း ဖြစ်သလို ဆန္ဒပြသူများကို ပစ်ခတ်ဖမ်းဆီးရခြင်းက ၎င်းအနေဖြင့် အားရဖွယ်ဖြစ်ကြောင်း တွေ့ဆုံပွဲတစ်ခုတွင် ပြောကြားခဲ့ဖူးသည်လည်း ရှိသည်။
ယင်းအပြင် ၎င်းသည် ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် မြောက်ပိုင်းအတွင်းမှ စီးပွားရေးလုပ်ငန်းရှင်များထံကနေ ခေါင်းစဉ်အမျိုးမျိုးဖြင့် ငွေကြေးတောင်းခံသူ တစ်ဦးဖြစ်သလို ၎င်း၏ တပ်ဖွဲ့အတွင်းကလည်း ၎င်းအပေါ် မနှစ်သက်သူက များသည်ဟု သိရသည်။
ဆက်လက်၍ လစ်လပ်သွားသည့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၏ ရဲတပ်ဖွဲ့မှူးနေရာကို ရဲမှူးချုပ် ဝင်းမင်းသိန်း အား ခန့်အပ်လိုက်ကြောင်း သိရသည်။
ရဲမှူးချုပ်ဝင်းမင်းသိန်းသည် စစ်တက္ကသိုလ်အပတ်စဉ် ၃၆ သင်တန်းဆင်းဖြစ်သလို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကိုယ်ရေး အရာရှိ အဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်မှူးကြီး(ဟောင်း)ဖြစ်သူ လက်ရှိ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးလင်းဇော်ထွန်းနှင့်လည်း စစ်တက္ကသိုလ် တပတ်စဉ်တည်း တက်ခဲ့ကြပြီး အလွန်ရင်းနှီးသူများ ဖြစ်ကြသည်။
ရဲမှူးချုပ်ဝင်းမင်းသိန်းသည် ၂၀၁၁ခုနှစ်က စစ်ဘက်ကနေ ရဲတပ်ဖွဲ့သို့ ဒုရဲမှူး ရာထူးဖြင့် စတင်ပြောင်းရွှေ့လာပြီးနောက် ရန်ကုန်တိုင်း ရဲသတင်းတပ်ဖွဲ့(SB) တာဝန်ခံအဖြစ် လည်းကောင်း၊ ဦးကိုနီ လုပ်ကြံခံရသည့် ၂၀၁၈ခုနှစ်က ရန်ကုန်လေဆိပ်တွင် လုံခြုံရေးအရာရှိ ရဲမှူးကြီး အဖြစ် လည်းကောင်း၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ၏ ဒုတပ်ဖွဲ့မှူးအဖြစ် လည်းကောင်း၊ နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူးအဖြစ် လည်းကောင်း၊ အမှတ်(၂)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူး အဖြစ် လည်းကောင်း တာဝန်ယူခဲ့ပြီး စစ်ဘက်ကနေ ရဲဘက်သို့ ပြောင်းရွှေ့လာသည့် (၁၃)နှစ်ကာလအတွင်း ဒုရဲမှူးအဆင့်ကနေ ရဲမှူးချုပ်အဆင့်အထိ ရာထူးတိုးမြန်သူဖြစ်သည်။
နိုင်ငံ့အာဏာသိမ်းခံထားရသည့် ကာလအတွင်း ရန်ကုန်တွင် အမှတ်(၂)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူး တာဝန်ယူထားသည့် ရဲမှူးချုပ်ဝင်းမင်းသိန်းသည် ရန်ကုန် ဆန္ဒပြမှုများကို အကြမ်းတမ်းဆုံးအဆင့်အထိ စေခိုင်းကာ ဖြိုခွင်းခဲ့သူ တစ်ဦးဖြစ်ပြီး ယခုအခါတွင် မူးယစ်ဆေးဝါးနှင့်လောင်းကစား ပေါများပြီး လာဘ်ပေး လာဘ်ယူ ဝင်ငွေကောင်းစေမည့် ပြည်နယ်သို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ပေးခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့တွင်း သတင်းရင်းမြစ်များက ဆိုသည်။