KIA စစ်ဦးစီးချုပ် ကွယ်လွန်

KIA စစ်ဦးစီးချုပ် ကွယ်လွန်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းသည် ၂၀၂၄ ခုနှစ် မေလ(၁၃)ရက်နေ့က ကွယ်လွန်သွားကြောင်း သိရသည်။

KIA စစ်ဦးစီးချုပ်သည် အသဲရောဂါဖြင့် ဆေးကုသနေစဉ် ယမန်နေ့ ညနေပိုင်းတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်သူများ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကျန်ရစ်သူမိသားစု၊ ရပ်ဆွေရပ်မျိုးများနှင့် ထပ်တူဝမ်းနည်းကြေကွဲရကြောင်း အဖွဲ့အစည်းများက ထုတ်ပြန်သည်။

အာဏာရှင်စနစ် အပြီးသတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ထူထောင်ရေးအတွက် နွေဦးတော်လှန်ရေးဆင်နွှဲနေချိန်တွင် မိမိတို့ ချစ်ခင်လေးစားအားထားရပါသော lt.Gen R Hkawng Lum ကွယ်လွန်ခြင်းအပေါ် အထူးနှမြောတသဖြစ်ရကြောင်းနှင့် ပြည်သူလူထုနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ နွေဦးတော်လှန်ရေး ဆင်နွှဲနေသည့် ရဲဘော်ရဲဘက်များအတွက် မဟာဆုံးရှုံးမှုကြီးဖြစ်ကြောင်း CNFက ထုတ်ပြန်ထားသည်။

“စိတ်ချစွာ၊ ငြိမ်းချမ်းစွာ အနားယူပါလေတော့၊ ဒူကဘာ ခင်ဗျာ။ဒူကဘာဟာ ဒီတော်လှန်ရေးကြီးအတွက်၊ တိုင်းပြည်နဲ့ လူထုအတွက် တာဝန်ကျေတယ်ဆိုတာထက် အများ အများကြီး ကျော်လွန်၊ ထမ်းဆောင်ခဲ့ပြီးပါပြီ။ တိုင်းပြည်နဲ့ လူထုအတွက် ခေတ်သမိုင်းက ပေးအပ်လာတဲ့ တော်လှန်တာဝန်ကို ကျနော်တို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ မမှိတ်မသုန် ဆက်လက်ကြိုးပမ်း၊ ထမ်းရွက်ပါ့မယ် ဒူကဘာခင်ဗျား။ ဒူကဘာရဲ့ ထက်မြက်လှတဲ့ စစ်ရေးအတွေးအခေါ်၊ ပေါ်ကြွယ်လှတဲ့ စစ်ရေးအတွေ့အကြုံ၊ ရိုးဖြောင့်လှတဲ့ နိုင်ငံရေးအမြင်တွေကို ကျနော် သေသေချာချာ သိရှိ၊ မှတ်သားခွင့် ရခဲ့ပါတယ်။ဒူကဘာအကြောင်း ကျနော့်မှာ ပြောစရာတွေ အများကြီးပဲဗျာ”ဟု ဒေါက်တာတေဇာစန်းက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

KIA စစ်ဦးစီးချုပ်သည် ကွယ်လွန်ချိန်၌ အသက် (၆၂)နှစ်အရွယ် ရှိပြီဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသ၏ စစ်ဒေသမှူးအဖြစ် တာဝန်ယူခဲ့ပြီး စစ်ကိုင်း၊ မကွေးအပါအဝင် စစ်ဒေသ(၁) နယ်မြေအတွင်း စစ်ရေးပိုင်းဆိုင်ရာများကို ဦးဆောင်မှုပေးခဲ့သူဖြစ်သည်။

#TachileikNewsAgency