ထိုင်းနိုင်ငံ ချင်းမိုင်လေဆိပ်မှ ဘန်ကောက်မြို့သို့ ထွက်ခွာမည့် Thai Airways International (THAI) လေယာဥ်တစ်စီးပေါ်တွင် အမျိုးသားတစ်ဦးက အရေးပေါ်တံခါးကို ဖွင့်ခဲ့ရာ အရေးပေါ်ထွက်ခွာသည့် လေမှုတ်လျှော ထွက်ကျလာခဲ့ပြီး လေယာဥ်ခရီးစဥ် နှောင့်နှေးခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၇) ရက်နေ့ ဒေသစံတော်ချိန် ညပိုင်းက ချင်းမိုင်လေဆိပ်မှ ပျံတက်ရန် လေယာဥ်ပြေးလမ်းသို့ လေယာဥ်မောင်းနှင်သွားနေစဥ် ထိုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မျက်မြင်များ၏ အဆိုအရ ချင်းမိုင်လေဆိပ်မှ လေယာဥ်ထွက်ခွာချိန် ည (၉) နာရီ (၅) မိနစ် ရောက်ခါနီးတွင် အသက် (၄၀) နှစ်အရွယ် Wong Sai Heung အမည်ရှိ တရုတ်နွယ်ဖွား အမျိုးသားက လေယာဥ်ရှေ့ပိုင်းရှိ အရေးပေါ်တံခါးကို ပြေးဖွင့်ခဲ့ရာ အရေးပေါ် လျှောဆင်းရသည့် လေမှုတ်လျှော အလိုအလျောက် ဖြန့်ခင်းကျလာခဲ့ကြောင်း သိရသည်။
ထိုဖြစ်ရပ်ကြောင့် ချင်းမိုင်မှ ဘန်ကောက်သို့ TG121 ခရီးစဥ် ပျံသန်းမည့် Airbus A320 လေယာဥ်ကို ရပ်တန့်ခဲ့ရသည်။
အခြား ခရီးသည်တစ်ဦးနှင့် လေယာဥ်အမှုထမ်းများက အရေးပေါ်တံခါးဖွင့်သည့် ထိုအမျိုးသားကို ဝိုင်းဝန်းထိန်းချုပ်နိုင်ခဲ့သည်။
ထိုဖြစ်ရပ်အပြီးတွင် ခရီးသည်များ လေဆိပ်နားနေဆောင်သို့ ပြန်ခဲ့ကြရပြီး နောက်ပိုင်းတွင် အခြား လေယာဥ်တစ်စီးကို စီးခဲ့ကြရသည်။
TG121 ခရီးစဥ်မှာ ချင်းမိုင်လေဆိပ်မှ ဖေဖေါ်ဝါရီလ (၈) ရက်နေ့ ဒေသစံတော်ချိန် နံနက် (၁၂) နာရီ (၃၄) မိနစ်တွင် ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Bhubingrajanivej ရဲစခန်းက တရုတ်နွယ်ဖွား ကနေဒါနိုင်ငံသားကို အခြားသူများအပေါ် အန္တရာယ်ပေးမှုနှင့် လေယာဥ်မှူးများနှင့် လေယာဥ်အမှုထမ်းများ၏ ညွှန်ကြားချက်များကို မလိုက်နာမှုတို့ဖြင့် စွဲချက်တင်ခဲ့လိုက်ရာ ထိုအမျိုးသားကလည်း ၎င်းအပြစ်ကို ဝန်ခံခဲ့သည်။
Source: Bangkok Post
Photo: MGR Online