မုန်းမြို့ကို NUG နောက်ကွယ်မှ အဖွဲ့များနှင့် နိုင်ငံများမှ တိုက်ခိုင်းသဖြင့် တိုက်နေခြင်းဖြစ်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

မုန်းမြို့ကို NUG နောက်ကွယ်မှ အဖွဲ့များနှင့် နိုင်ငံများမှ တိုက်ခိုင်းသဖြင့် တိုက်နေခြင်းဖြစ်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ပဲခူးတိုင်း မုန်းမြို့ကို NUG နောက်ကွယ်မှ အဖွဲ့များနှင့် နိုင်ငံများက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခိုင်းသဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းတွင် ၎င်းတို့နိုင်ငံပိုင်မီဒီယာမှတဆင့် ပြောဆိုသည်။

“မနေ့ကလည်း ကျွန်တော်ပြောခဲ့ပြီးပါပြီ ဒါနဲ့ပတ်သက်ပြီး နောက်ကွယ်ကနေပြီးတော့ NUG၊ NUG ရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ အဖွဲ့လည်းရှိပါသေးတယ်။ နိုင်ငံလည်းရှိပါသေးတယ်။ နောက်ကွယ်ကနေပြီး အတင်းဖိအားပေးမှုကြောင့် သူတို့အနေနဲ့ တိုက်ခိုက်တဲ့နေရာမှာ မနေ့ညကတည်းက ရန်သူ့ဘက်က အကျအဆုံး များစွာရှိပါတယ်။”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပြောဆိုသည်။

ထို့အပြင် မုန်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးကြောင်း၊ မုန်းမြို့ဆိုသည်မှာ တိုက်နယ်အဆင့်သာရှိသည့် မြို့ငယ်တစ်ခု ဖြစ်ကြောင်း၊ မုန်းမြို့တွင် တပ်ရင်းနှစ်ရင်းလုံးကို သိမ်းပိုက်ပြီးကာ မြို့အဝင် သံတံတားစခန်းကိုလည်း သိမ်းပိုက်ပြီးကြောင်း တော်လှန်ရေးတပ်များဘက်က သတင်းထုတ်လွှင့်နေသည်ဟု ၎င်းကဆိုသည်။

“လာရောက် တိုက်ခိုက်နေတာရှိတယ်။ မုန်းမြို့ရဲ့အရှေ့ဘက်အစွန်မှာရှိတဲ့ တပ်ရင်းတစ်ရင်းရှိပါတယ်။ ဒီတပ်ရင်းမှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပါတယ်။ ဒီနေ့ညနေပိုင်းအထိ အပြန်အလှန်ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုရှိနေပါတယ်။ အစောပိုင်းကပြောခဲ့တဲ့ သံတံတားစခန်းနဲ့ နောက်ထပ် တပ်ရင်း တစ်ရင်းမှာတော့ အဝေးကနေ ပစ်ခတ်မှု လောက်ပဲရှိပါတယ်။”ဟု ပြောဆိုသည်။

ယမန်နေ့ ညနေပိုင်းတွင်မူ KNU ဗဟိုနှင့် NUG ကာကွယ်ရေးဝန်ကြီးဌာနတို့က စစ်ကောင်စီ၏ မုန်းမြို့ရှိ စစ်ကောင်စီတပ်၏ ခမရ(၅၉၉)၊ ခမရ(၅၉၀)၊ မုန်းမြို့မရဲစခန်းနှင့် တံတားထိပ်ဂိတ်စခန်းတို့အား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့က စတင်ကာတိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ (၄)ရက်နေ့ ညနေပိုင်းတွင် စခန်းအားလုံး သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအဆင့်ရှိသူအပါအဝင် (၁၇)ဦး လက်နက်ချ အညံ့ခံခဲ့သည်ဟု ထုတ်ပြန်သည်။ 

နွေဦးတော်လှန်ရေးသည် ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည့် ပြည်သူများအား စစ်ကောင်စီတပ်က မတရား ဖမ်းဆီခြင်း၊ ပစ်ခတ်ခြင်း၊ သတ်ဖြတ်ခြင်းတို့ကြောင့် နိုင်ငံရေးအင်အားစုများနှင့် လူငယ်များက လက်နက်ကိုင်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်၍ စစ်အာဏာရှင်စနစ်ကို တော်လှန်နေခြင်းဖြစ်သည်။

#TachileikNewsAgency