တရုတ်နိုင်ငံတွင် အသက် (၁၈) နှစ် မပြည့်‌သေးသူများ စမတ်ဖုန်း အသုံးပြုချိန်ကို တစ်နေ့လျှင် (၂) နာရီအဖြစ် ကန့်သတ်ရန် စီစဥ်

တရုတ်နိုင်ငံတွင် အသက် (၁၈) နှစ် မပြည့်‌သေးသူများ စမတ်ဖုန်း အသုံးပြုချိန်ကို တစ်နေ့လျှင် (၂) နာရီအဖြစ် ကန့်သတ်ရန် စီစဥ်
By Mr John

တရုတ်နိုင်ငံ၏ အင်တာနက်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့က အသက် (၁၈) နှစ်အောက် ကလေးများ စမတ်ဖုန်း အသုံးပြုချိန်ကို တစ်နေ့လျှင် အများဆုံး (၂) နာရီအဖြစ် ကန့်သတ်ရန် စီစဉ်နေကြောင်း သိရသည်။

Cyberspace Administration of China (CAC) က စမတ်ကိရိယာ (smart devices) များ ထုတ်လုပ်သည့်ကုမ္ပဏီများကို အရွယ်မရောက်သေးသူများစနစ်ဟု ခေါ်ဆိုသည့် စနစ်တစ်ခုကို ဖန်တီးထည့်သွင်းပေးရန် လိုလားနေသည်။ 

ထိုစနစ်က အသက် (၁၈) နှစ်အောက်အရွယ် အသုံးပြုသူများကို ည (၁၀) နာရီမှ နံနက် (၆) နာရီအထိ စမတ်ကိရိယာများတွင် အင်တာနက်မသုံးနိုင်စေရန် ပိတ်ပင်ထားမည် ဖြစ်သည်။

အဆိုပြုထားသည့် ပြုပြင်ပြောင်းလဲမှုများအရ စမတ်ကိရိယာများ ထုတ်လုပ်နေသော ကုမ္ပဏီများ အနေဖြင့် အသုံးပြုချိန်ကိုလည်း ကန့်သတ်ထားရမည်ဟု CAC က ပြောသည်။ 

အသက် (၁၆) နှစ်မှ (၁၈) နှစ်အရွယ်များကို တစ်နေ့လျှင် (၂) နာရီ၊ အသက် (၈) နှစ်မှ (၁၆) နှစ်အရွယ် ကလေးများကို တစ်နေ့လျှင် (၁) နာရီနှင့် အသက် (၈) နှစ်အောက် ကလေးများကို တစ်နေ့လျှင် (၈) မိနစ်မျှသာ အသုံးပြုခွင့်ပေးသွားရန် CAC က စီစဥ်ထားသည်။

သို့သော် ကလေးများအတွက် စမတ်ဖုန်းအသုံးပြုမှု အချိန်ကန့်သတ်ချက်များကို မိဘများက ဖယ်ရှားနိုင်ရန် ကုမ္ပဏီများက ခွင့်ပြုစီစဥ်ထားသင့်ကြောင်းလည်း CAC က ဆိုသည်။ 

CAC ၏ လမ်းညွှန်ချက် မူကြမ်း ထုတ်ပြန်ခဲ့ပြီးနောက် ဟောင်ကောင်တွင် တရုတ်နည်းပညာကုမ္ပဏီများ၏ ရှယ်ယာဈေးများ အများစု ကျဆင်းသွားခဲ့သည့်အတွက်  ရင်းနှီးမြှုပ်နှံသူများက သဘောမကျကြောင်း သိရသည်။ 

CAC လမ်းညွှန်ချက် မူကြမ်းအပေါ် အများပြည်သူ တုံ့ပြန်မှုများကို လာမည့် စက်တင်ဘာလ (၂) ရက်နေ့အထိ လက်ခံရယူသွားဟု ဆိုသည်။ 

မကြာသေးမီ နှစ်များအတွင်း တရုတ်အာဏာပိုင်များက လူငယ်များတွင် အဝေးမှုန်ခြင်းနှင့် အင်တာနက်စွဲလမ်းမှုတို့နှင့် ပတ်သက်၍ စိုးရိမ်မှုများ တိုးလာသည်။ 

၂၀၂၁ ခုနှစ်တွင် တရုတ်အစိုးရက အသက် (၁၈) နှစ်အောက် ဗီဒီယိုဂိမ်းကစားသူများကို ကစားချိန်ကန့်သတ်မိန့် ထုတ်ခဲ့သည်။

အဆိုပါ ဂိမ်းကစားချိန် ကန့်သတ်မိန့်မှာ Tencent ကဲ့သို့ ဂိမ်းကုမ္ပဏီကြီးများအတွက် ကြီးမားသည့် ထိုးနှက်ချက် ဖြစ်ခဲ့သည်။ 

တရုတ်တွင် Bilibili, Kuaishou နှင့် ByteDance ကဲ့သို့ ဗီဒီယိုမျှဝေသည့် အွန်လိုင်းပလက်ဖောင်းများက ၂၀၁၉ ခုနှစ်ကတည်းက "teenage modes" ခေါ် ဆယ်ကျော်သက်များအတွက် အကြောင်းအရာနှင့် အသုံးပြုချိန်ကို ကန့်သတ်သည့်စနစ် ထည့်သွင်းထားသည်။ 

ByteDance ၏ တရုတ်ဗားရှင်း TikTok ဖြစ်သည့် Douyin က ဆယ်ကျော်သက်များကို မိနစ် (၄၀) ကျော်ထက် ပို၍သုံးခြင်းကို ပိတ်ပင်ထားကြောင်း သိရသည်။

 

Source: Reuters