နော်ဝေနိုင်ငံသူ အမျိုးသမီးတစ်ဦးနှင့် သူမ၏ တောင်တက်လမ်းပြ နီပေါနိုင်ငံသား တို့က အမြင့်ဆုံး တောင်တစ်လုံးဖြစ်သည့် ပါကစ္စတန်နိုင်ငံရှိ K2 တောင် (Mount 2) ကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၇) ရက်နေ့တွင် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီး အမြင့်ပေ (၂၆,၂၄၆) (မီတာ ၈,၀၀၀) အထက်ရှိ အမြင့်ဆုံးတောင်အားလုံးကို အချိန်တိုအတွင်း တက်ရောက်နိုင်သော ကမ္ဘာ့အမြန်ဆုံး တောင်တက်သမားများ ဖြစ်လာကြောင်း တောင်တက်ခရီး စီစဥ်သည့် နီပေါကုမ္ပဏီက ပြောသည်။
အသက် (၃၇) နှစ်အရွယ် ခရစ္စတင်း ဟာရီလာနှင့် နီပေါတောင်တက်လမ်းပြ အသက် (၃၅) နှစ်အရွယ် တင်ဂျင်း (လမ်မာ) တို့က အမြင့်ပေ (၂၈,၂၅၁) ရှိ ကမ္ဘာ့ဒုတိယအမြင့်ဆုံးတောင် K2 ကို အခြား လမ်းပြ (၈) ဦးနှင့်အတူ တက်ရောက်ခဲ့ကြကြောင်း တောင်တက်သမားများကို သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုပေးနေသည့် Seven Summit Treks (SST) ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ Tashi Lakpa Sherpa က ဆိုသည်။
"သူတို့က တောင် (၁၄) လုံးစလုံးကို အမြန်ဆုံးတက်ရောက်ခဲ့သူတွေ ဖြစ်ပါတယ်" ဟု Tashi က Reuters သတင်းဌာနကို ပြောခဲ့သည်။
ခရစ္စတင်းနှင့် တင်ဂျင်းတို့က အမြင့်ပေ (၂၆,၂၄၆) အထက်ရှိ တောင် (၁၄) လုံးကို ရက်ပေါင်း (၉၂)ရက်အတွင်း တက်ရောက်နိုင်ခဲ့ကြသည်။
၎င်းတို့နှစ်ဦးက ၂၀၁၉ ခုနှစ်တွင် နီပေါနိုင်ငံသား Nirmal Purja က တောင် (၁၄) လုံးကို အချိန် (၆) လနှင့် တစ်ပတ်အတွင်း တက်ရောက်၍ စံချိန်တင်ထားမှုကို ချိုးဖျက်ပြီး စံချိန်သစ်တင်လိုက်ခြင်းလည်း ဖြစ်သည်။
ခရစ္စတင်းနှင့် သူမ၏ တောင်တက်လမ်းပြတို့က အမြင့်ဆုံးတောင် (၁၄) လုံးကို အတိုဆုံး အချိန်ကာလအတွင်း တက်ရောက်နိုင်ခဲ့ခြင်းကို အခြား တောင်တက်သမားများကလည်း အတည်ပြုထားသည်။
သို့သော် ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့အစည်း Guinness World Record က အတည်ပြုရန် လိုအပ်နေသေးသည်ဟု ဆိုသည်။
အမြင့်ဆုံးတောင် (၁၄) လုံးစလုံးကို လအနည်းငယ်အတွင်း တက်ရောက်ခြင်းမှာ စိန်ခေါ်မှုရှိသော စွမ်းဆောင်နိုင်မှုတစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် တောင်တက်သမား အများအပြားမှာ ထိုသို့ တက်ရောက်ရန် နှစ်များနှင့်ချီ အချိန်ယူကြရကြောင်း သိရသည်။
Source: Reuters, The Himalayan Times