မြောက်ကိုရီးယားက အမေရိကန်ကို စောင့်ကြည့်ရန် ဇွန်လအတွင်း ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မည်ဟုဆို

မြောက်ကိုရီးယားက အမေရိကန်ကို စောင့်ကြည့်ရန် ဇွန်လအတွင်း ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မည်ဟုဆို
By Mr John

 

မြောက်ကိုရီးယားနိုင်ငံက အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်ရန်အတွက် ၎င်း၏ ပထမဆုံး စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုဟ်တုကို ၂၀၂၃ ခုနှစ် ဇွန်လအတွင်း လွှတ်တင်သွားမည်ဟု အစိုးရသတင်းဌာန KCNA က မေလ (၃၀) ရက်နေ့တွင် သတင်းဖော်ပြသည်။ 

ယခုဆောင်ရွက်မှုအရ မြောက်ကိုရီးယားက တားမြစ်ပိတ်ပင်ထားသည့် ဒုံးကျည်နည်းပညာကို အသုံးပြုနိုင်ခြေရှိကြောင်း ဝေဖန်မှုများရှိနေသည်။

မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ၏ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဌ Ri Pyong Chol က အမေရိကန်နှင့် တောင်ကိုရီးယားတို့ လက်ရှိပြုလုပ်နေသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ရှုတ်ချခဲ့ပြီး ရန်လိုသည့် မဆင်မခြင် ရည်မှန်းချက်ရှိကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။ 

မကြာသေးမီ လများအတွင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုမျိုးစုံ ပြုလုပ်နေခဲ့ကြောင်းနှင့် ပြီးခဲ့သည့် သီတင်းပတ်တွင် ခဲယမ်းအစစ်များသုံးသည့် အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် မြောက်ကိုရီးယားက ၎င်း၏ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုဟ်တု တည်ဆောက်မှု ပြီးစီးခဲ့ပြီဖြစ်ပြီး ခေါင်းဆောင်ကင်မ်ဂျုံအန်ကလည်း လွှတ်တင်ရန်အတွက် နောက်ဆုံး ပြင်ဆင်မှုများ လုပ်ဆောင်ရန် ခွင့်ပြုပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

မြောက်ကိုရီးယားက ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မည့်ရက်ကို အတိအကျ မပြောထားသော်လည်း မေလ (၃၁) ရက်နှင့် ဇွန်လ (၁၁) ရက်ကြားတွင် ဂြိုဟ်တုလွှတ်တင်ရန် စီစဥ်ထားကြောင်း ဂျပန်နိုင်ငံကို အသိပေးထားသည်ဟု ဆိုသည်။

Source: Reuters