တတိယမြောက် ချားလ်စ်ဘုရင် နန်းတက် ဘိသိက်ခံ

တတိယမြောက် ချားလ်စ်ဘုရင် နန်းတက် ဘိသိက်ခံ
By Mr John

ဗြိတိန်ထီးနန်း၏ တတိယမြောက် ချားလ်စ်ဘုရင်၏ နန်းတက်ဘိသိက်ခံပွဲကို ၂၀၂၃ခုနှစ် မေလ (၆) ရက်နေ့က လန်ဒန်မြို့ရှိ ဝက်စ်မင်စတာ ခရစ်ယာန်ဘုရားကျောင်း (Westminster Abbey) တွင် လွန်ခဲ့သည့် နှစ်ပေါင်း (၁,၀၀၀) ကတည်းက ကျင်းပခဲ့သည့် အခမ်းအနားပုံစံဖြင့် ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ပြီး ဆယ်စုနှစ် (၇) ခုအတွင်း ဗြိတိန်၏ အကြီးကျယ်ဆုံး အခမ်းအနားတစ်ရပ်ဖြစ်ကြောင်း သိရသည်။ 

ဘုရင်နှင့် မိဖုရားတို့ သိသိက်ခံယူပွဲ ကျင်းပရာ ဝက်စ်မင်စတာဘုရားကျောင်းသို့သွားရာ လမ်းကြောင်းတစ်လျှောက်တွင် ထောင်ပေါင်းများစွာသော လူတန်းရှည်ကြီးက သမိုင်းဝင်အခိုက်အတန့်ကို စောင့်ဆိုင်းကြည့်ရှုခဲ့ကြသည်။ 

ထိုလမ်းကြောင်းတစ်လျှောက် ဆန္ဒပြရန် စီစဥ်ထားသော ဘုရင်စနစ်ကို ဆန့်ကျင်သည့် Republic အုပ်စု၏ ဦးဆောင်အဖွဲ့ဝင် (၆) ဦး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းလည်း သိရသည်။

ဗြိတိန်ဘုရင်သစ်တင်မြှောက်ပွဲကို ကမ္ဘာ့ခေါင်းဆောင် (၁၀၀) ခန့်နှင့် ကမ္ဘာတဝန်း သန်းနှင့်ချီသည့် ရုပ်မြင်သံကြားပရိသတ်များ၊ Canterbury ခရစ်ယာန်ဂိုဏ်းချုပ်၊ Anglican ခရစ်ယာန်ဘုရားကျောင်း၏ ဘာသာရေးခေါင်းဆောင်တို့၏ ရှေ့မှောက်တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

ဝက်စ်မင်စတာဘုရားကျောင်းရှိ (၁၄) ရာစုခေတ် ပလ္လင်ပေါ်တွင် ထိုင်နေသည့် ချားလ်စ်ဘုရင်ကို သက်တမ်း နှစ်ပေါင်း (၃၆၀) ရှိ စိန့်အက်ဒ်ဝပ် သရဖူဆောင်းပေးခဲ့သည်။ 

ထိုအချိန်တွင် လန်ဒန်မျှော်စင်နှင့် လန်ဒန်မြို့တော်တဝန်း၊ ဂျီဘရော်တာ၊ ဘာမူဒါနှင့် ပင်လယ်ပြင်ရှိ သင်္ဘောများမှ သေနတ်ပစ်ဖောက် ဂုဏ်ပြုခဲ့ကြသည်။ 

ဘိသိက်ခံပွဲတွင် ချားလ်စ်၏ ဒုတိယဇနီးဖြစ်သူ အသက် (၇၅) နှစ်အရွယ် ကမ်မီလာကိုလည်း မိဖုရားအဖြစ် သရဖူဆောင်းပေးခဲ့သည်။ 

အသက် (၇၄) နှစ်ရှိပြီဖြစ်သည့် ချားလ်စ်မှာ ၎င်း၏မိခင် အဲလိဇဘက်သ်ဘုရင်မကြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် နတ်ရွာစံခဲ့ရာ အလိုအလျောက် ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ပြီး ဘုရင်ဖြစ်လာခဲ့သည်။

 

Source: Reuters

Photo: Aaron Chown/Pool via REUTERS, REUTERS/Lisi Niesner, REUTERS/Hannah McKay,