အမေရိကန်နယ်စပ်အနီး မက္ကစီကိုနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းနေထိုင်သူများစခန်း မီးလောင်မှုကြောင့် အနည်းဆုံး (၃၉) ဦး သေဆုံး

အမေရိကန်နယ်စပ်အနီး မက္ကစီကိုနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းနေထိုင်သူများစခန်း မီးလောင်မှုကြောင့် အနည်းဆုံး (၃၉) ဦး သေဆုံး
By Mr John

 

မက္ကစီကိုနိုင်ငံမြောက်ပိုင်း နယ်စပ်မြို့ Ciudad Juarez တွင် ရွှေ့ပြောင်းနေထိုင်သူများကို ထားရှိရာနေရာတစ်ခု၌ မတ်လ (၂၇)ရက်နေ့၏ ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး တောင်အမေရိက အပါအဝင် အခြားဒေသများမှ ရွှေ့ပြောင်းလာသူ အနည်းဆုံး (၃၉) ဦး သေဆုံးခဲ့ကြောင်း မက္ကစီကိုအစိုးရ၏ National Migration Institute (INM) က မတ်လ (၂၈) ရက်နေ့တွင် ပြောသည်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အယ်လ်ပါဆိုမြို့နှင့် မျက်နှာချင်းဆိုင် Ciudad Juarez မြို့ရှိ ရွှေ့ပြောင်းနေထိုင်သူများစခန်းတွင် တောင်အမေရိက အပါအဝင် အခြားဒေသများမှ ရွှေ့ပြောင်းလာသူ အရွယ်ရောက်ပြီး အမျိုးသား (၆၈) ဦး ရှိနေခဲ့ကြောင်းနှင့် ၎င်းတို့အနက် (၂၉) ဦးလည်း မီးလောင်မှုအတွင်း ဒဏ်ရာရခဲ့ပြီး ဆေးရုံ (၄)ရုံသို့ ပို့ဆောင်ခဲ့ရကြောင်း INM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လတ်တလော သီတင်းပတ်များအတွင်း အာဏာပိုင်များက ခိုလှုံခွင့်တောင်းခံမှုများကို စိစစ်သည့်လုပ်ငန်းစဥ်ကို အမေရိကန်အစိုးရ၏ CBP One မိုဘိုင်းအက်ပလီကေးရှင်းသုံး၍ ဆောင်ရွက်ရန် ကြိုးပမ်းနေရာ မက္ကစီကိုနယ်စပ်မြို့များတွင် ရွှေ့ပြောင်းနေထိုင်သူများ အများအပြား ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။

Source: Reuters

Photo: REUTERS/Jose Luis Gonzalez,