ထိုင်းနိုင်ငံတွင် ရဲတပ်ဖွဲ့က အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်များနှင့် ဆက်စပ်သည့် နေရာ (၄) ခုကို စီးနင်းကာ လူ(၁၁) ဦးကို ဖမ်းဆီးပြီး နှင့် ဘတ် သန်း (၇၀) ခန့် တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုလောင်းကစားဝက်ဘ်ဆိုက်များတွင် ဘောလုံးလောင်းကစား၊ စလော့ဂိမ်း၊ ငါးဖမ်းဂိမ်း၊ ဘင်ဂိုနှင့် အခြား ဂိမ်းအများအပြားကို ကစားနိုင်ကြောင်း ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန Cyber Crime Inveestigation Bureau (CCIB) ရဲမင်းကြီး ရဲဒုဗိုလ်ချုပ်ကြီး Worawat Watnakhonbancha က ဆိုသည်။
လောင်းကစားဝက်ဘ်ဆိုက်များတွင် ငွေကြိုသွင်း၍ ယူနစ်များရယူပြီး လောင်းကစားပြုလုပ်နိုင်ကြောင်းနှင့် ထိုင်းနိုင်ငံအတွင်းရှိ စီးပွားရေးဘဏ်များမှတစ်ဆင့် ငွေပြန်ထုတ်ယူနိုင်သည့် လုပ်ဆောင်မှုများကို လုပ်ဆောင်ကြကြောင်း ၂၀၂၃ခုနှစ် မတ်လ (၂၅) ရက်နေ့ကတွင် ရဲဒုဗိုလ်ချုပ်ကြီးက ပြောသည်။
Xoslotz1688.com နှင့် slotking77.com လောင်ကစားဝက်ဘ်ဆိုက် (၂) ခုနှင့် ဆက်စပ်သည့် နေရာ (၄) ကို ဝင်ရောက်စီးနင်းရန် ရဲအရာရှိများက တရားရုံးခွင့်ပြုချက် ရရှိကြောင်းနှင့် Xoslotz1688.com ဝက်ဘ်ဆိုက်တွင် အသုံးပြုသူ (၃၅,၀၀၀) ရှိပြီး လစဥ် ငွေအသွင်းအထုတ် ဘတ် သန်း (၂၀) ရှိကြောင်း ရဲဒုဗိုလ်ချုပ်ကြီး Worawat က ပြောသည်။
ရဲအရာရှိများက ချန်သာဘူရီရှိ ဝက်ဘ်ဆိုက်၏ ရုံးခန်းကို ဝင်ရောက်စီးနင်းမှုအတွင်း Ford နှင့် Toyota ကားများ၊ Toyota minivan ကားတစ်စီး၊ Hino ထရပ်ကားတစ်စီး၊ ပစ်ကပ်ကား (၄) စီးနှင့် မော်တော်ဆိုင်ကယ် (၃) စီးကို အခြား ပိုင်ဆိုင်မှုများနှင့်အတူ သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း ဘတ် သန်း (၃၀) တန်ဖိုးရှိကြောင်း သိရသည်။
slotking77.com လောင်းကစားဝက်ဘ်ဆိုက်တွင် အသုံးပြုသူ (၁၅,၀၀၀) ခန့်ရှိပြီး လစဥ် ငွေအသွင်းအထုတ် ဘတ် (၁၅) သန်းခန့်ရှိသည်။
ရဲတပ်ဖွဲ့က ထိုဝက်ဘ်ဆိုက်နှင့် ဆက်စပ်သည့် Pathum Thani ပြည်နယ် Thanyaburi နှင့် Khlong Luang ခရိုင်များအတွင်းရှိ နေအိမ် (၂) လုံးနှင့် Trang ပြည်နယ် Muang ခရိုင်ရှိ ကွန်ဒိုတိုက်ခန်းတစ်ခန်းတို့ကို ဝင်ရောက်စီးနင်းခဲ့ကြသည်။
ထိုစီးနင်းမှုများအတွင်း တန်ဖိုးကြီး ဇီမ်ခံကားများ၊ တန်ဖိုးကြီး နာရီများ၊ လက်ကိုင်အိတ်များ၊ ရွှေချောင်းများနှင့် သေနတ်များကို သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း ဘတ် သန်း (၄၀) တန်ဖိုးရှိကြောင်း သိရသည်။
တရားမဝင် လောင်းကစားဝက်ဘ်ဆိုက်များနှင့် ၎င်းတို့နှင့်ဆက်နွယ်သည့် ကွန်ရက်များကို ရှာဖွေဖော်ထုတ် ဖမ်းဆီးရန် ဆက်လက် စုံစမ်းစစ်ဆေးသွားမည်ဟု CCIB အကြီးအကဲ ရဲဒုဗိုလ်ချုပ်ကြီး Worawat က ပြောသည်။
ထိုင်းနိုင်ငံတွင် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်များကို ဖမ်းဆီးနှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နေသော်လည်း အိမ်နီးချင်း မြန်မာနိုင်ငံတွင်မူ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း အွန်လိုင်းလောင်ကစားဝက်ဘ်ဆိုက်များကို Facebook ကဲ့သို့ ဆိုရှယ်မီဒီယာများ၊ မိုဘိုင်းအက်ပလီးကေးရှင်းများနှင့် ဝက်ဘ်ဆိုက်များတွင် ကြော်ငြာများထည့်သွင်းကာ တရားဝင်လုပ်ငန်းသဖွယ် လုပ်ကိုင်လာကြသည်ကို တွေ့ရသည်။
Source: Bangkok Post