ထိုင်း - မလေးရှား နယ်စပ်တွင် မလေးရှားသို့ သွားမည့် မြန်မာနိုင်ငံသား(၁၀၁)ဦး ဖမ်းဆီးခံရ

ထိုင်း - မလေးရှား နယ်စပ်တွင် မလေးရှားသို့ သွားမည့် မြန်မာနိုင်ငံသား(၁၀၁)ဦး ဖမ်းဆီးခံရ
By Mr John

ထိုင်းနိုင်ငံကနေ တဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်မည့် မြန်မာနိုင်ငံသား (၁၀၁)ဦး ထိုင်း - မလေးရှား နယ်စပ်  ဆုန်ခလာပြည်နယ် Hat Yai ခရိုင်တွင် ဒေသခံ၏ သတင်းပေးမှုကြောင့် ထိုင်းရဲများ၏ စောင့်ဆိုင်း ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း သိရသည်။

ဒေသခံတစ်ဦး၏ သတင်းပေးမှုဖြင့် ထိုင်း ရဲတပ်ဖွဲ့ အပါအဝင်  လူဝင်မှုကြီးကြပ်ရေးနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းပြီး ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့၏ အစောပိုင်းက  Thung Tam Sao အရပ်ရှိ အထူးရဲတပ်ဖွဲ့ စစ်ဆင်ရေးဌာန၏ အခြေစိုက်စခန်းတစ်ခု အနောက်ဘက် မြေကွက်လပ်အနီး ရပ်နားထားသည့် (၁၀) ဘီး ထရပ်ကားကို အလျင်အမြန် သွားရောက်စစ်ဆေးရာက မြန်မာနိုင်ငံသား (၁၀၁)ဦး အပြင် ယာဉ်မောင်း ထိုင်းအမျိုးသား(၂)ဦးတို့ကိုပါ ဖမ်းခံရခြင်း ဖြစ်ကြောင်း သိရသည်။ 

 တာပေါ်လင်စဖြင့် ဖုံးအုပ်ထားပြီး သဲများတင်ဆောင်ထားသည့် ထရပ်ကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား(၈၂)ဦး နှင့် အမျိုးသမီး (၁၉)ဦးတို့ကို တွေ့ရှိရသည့်အပြင် ၎င်းတို့အား ခေါ်ဆောင်လာသည့် ထိုင်းယာဥ်မောင်း Thanakorn နှင့် ယာဉ်နောက်လိုက်  Pradit တို့ကိုလည်း ဖမ်းဆီးရမိကြောင်း သိရသည်။

ထရပ်ကား နောက်ခန်းတွင် သဲများထည့်ထားခြင်းနှင့် ပတ်သက်၍ ယာဉ်ပေါ်လိုက်ပါလာသည့် တရားမဝင် မြန်မာနိုင်ငံသားများ အညစ်အကြေးစွန့်ရန်နှင့် ရှည်လျားသည့် လမ်းခရီးတစ်လျှောက် ကားတုန်ခါမှု လျော့နည်းစေရန်  သဲများဖြည့်ထားခြင်းဖြစ်ကြောင်း စစ်ဆေးချက်များအရ သိရသည်။

 

ဖမ်းခံရသည့် မြန်မာနိုင်ငံသား အားလုံးမှာ တရားမဝင် ရွှေ့ပြောင်းလာသူများဖြစ်ကြောင်း   Thung Tham Sao ရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်မှူးကြီး Chairat Kanchananate ဦးဆောင်သည့် ဖမ်ဆီးရေးအဖွဲ့က ပြောသည်။

စစ်ဆေးမေးမြန်းမှုများအရ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များဖြစ်သည့် ထိုင်းအမျိုးသား (၂) ဦးက မြန်မာရွှေ့ပြောင်းနေထိုင်သူများကို ပရကျော့ဂီရီခန္ဓပြည်နယ်မှ သွားရောက်ခေါ်ဆောင်ခဲ့ပြီး ဆုန်ခလာပြည်နယ် Hat Yai ခရိုင်သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ထိုမှတစ်ဆင့် မလေးရှားသို့ ပို့ဆောင်ပေးမည့်သူကို စောင့်ဆိုင်းနေစဥ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ 

ထိုင်းအာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းသူများကို ပို့ဆောင်ပေးသည့် လူကုန်ကူးသည့်ကွန်ရက်၏ အခြား အဖွဲ့ဝင်များကို ဖမ်းဆီးရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။



Source: Bangkok Post

Photo: Songkhla Police