ထိုင်းနိုင်ငံတွင် အွန်လိုင်းမှတစ်ဆင့်ရောင်းမည့် စုစုပေါင်း ဘတ် (၁၄) သန်း တန်ဖိုးရှိ အလှကုန်နှင့် နာမည်ကြီးအိတ် အတုများ သိမ်းဆည်းရမိ

ထိုင်းနိုင်ငံတွင် အွန်လိုင်းမှတစ်ဆင့်ရောင်းမည့် စုစုပေါင်း ဘတ် (၁၄) သန်း တန်ဖိုးရှိ အလှကုန်နှင့် နာမည်ကြီးအိတ် အတုများ သိမ်းဆည်းရမိ
ဖေဖော်ဝါရီ 14, 2023 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံတွင် စားသုံးသူကာကွယ်ရေး ရဲတပ်ဖွဲ့ဌာနခွဲနှင့် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန Food and Drug Administration (FDA) အရာရှိများက ဘတ် (၁၄) သန်းခန့် တန်ဖိုးရှိ တံဆိပ်အတု ကပ်ထားသည့် သွားတိုက်ဆေး၊ အလှကုန်နှင့် နာမည်ကြီးအိတ်များ သိမ်းဆည်းရမိပြီး တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

ပြီးခဲ့သည့် သီတင်းပတ်က ဘန်ကောက်နှင့် ဆမွတ်ပရာကန်တွင် စီးနင်းမှုများအတွင်း အဆိုပါ ကုန်ပစ္စည်းအတု အများအပြားကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

လူသိများသည့် အရောင်းဆိုင် (၁၈) ဆိုင်မှတစ်ဆင့် အွန်လိုင်းတွင် ရောင်းချရန်အတွက် တံဆိပ်အတု ကပ်ထားသော သွားတိုက်ဆေးနှင့် အလှကုန်များကို နေရာ (၃) ခုတွင် သိုလှောင်ထားရှိပြီး ထုပ်ပိုးပြင်ဆင်နေကြောင်း တိုင်ကြားချက်များရရှိခဲ့ပြီးနောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း စားသုံးသူကာကွယ်ရေး ရဲတပ်ဖွဲ့ဌာနခွဲ Consumer Protection Police Division (CCPD) အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး Anan Nanasoombat က ပြောသည်။

ဖေဖေါ်ဝါရီလ (၆) ရက်နေ့တွင် Phra Khanong ရာဇဝတ်မှုဆိုင်ရာ တရားရုံးထံမှ ရှာဖွေခွင့်ဝရမ်းနှင့်အတူ လက်နက်ကိုင် အရာရှိများက ဘန်ကောက်မြို့ Prawet ခရိုင်အတွင်းရှိ နေရာ (၂) ခုကို စီးနင်းရှာဖွေခဲ့ကြသည်။ 

ထို့နောက် ဖေဖေါ်ဝါရီလ (၇) ရက်နေ့တွင် စမွတ်ပရာကန်ပြည်နယ် Bang Phli ခရိုင်အတွင်းရှိ ပို့ဆောင်ရေးကုမ္ပဏီတစ်ခု၏ ဂိုဒေါင်တစ်လုံးကို စီးနင်းခဲ့ကြောင်း သိရသည်။

ထိုစီးနင်းရှာဖွေမှုများအတွင်း အာဏာပိုင်များက တံဆိပ်အတု ကပ်ထားသည့် ကုန်ပစ္စည်း (၆၇,၄၃၀) ခုကို သိမ်းဆည်းရမိခဲ့ပြီး Thep Thai သွားတိုက်ဆေးနှင့် အခြား တံဆိပ်များ၊ အလှကုန်များနှင့် နာမည်ကြီးအိတ်များ ပါဝင်ကြောင်းနှင့် စုစုပေါင်းတန်ဖိုး ဘတ် (၁၄) သန်းခန့် ဖြစ်သည်။ 

စမွတ်ပရာကန်ရှိ ဂိုဒေါင်ကို ကြီးကြပ်သည့် Zhong အမည်ရှိ တရုတ်နိုင်ငံသားကိုလည်း ဖမ်းဆီးခဲ့သည်။

၎င်းကို အလှကုန်နှင့် အခြား ကုန်ပစ္စည်းအတုများ လက်ဝယ်ပိုင်ဆိုင်ပြီး အလှကုန်ဆိုင်ရာ အက်ဥပဒေနှင့် ကုန်အမှတ်တံဆိပ် အက်ဥပဒေတို့ကို ချိုးဖောက်ကာ ရောင်းချရန်ကြံစည်မှုဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။ 

အဖမ်းခံရသည့် တရုတ်နိုင်ငံသား Zhong ကမူ တရုတ်ရင်းနှီးမြှုပ်နှံသူများ၏ ညွှန်ကြားစေခိုင်းမှုအရ ကုန်ပစ္စည်းများကို ထုပ်ပိုးပြီး ဝယ်ယူသူများထံ ပို့ဆောင်ပေးခဲ့ခြင်းသာဖြစ်ကြောင်း ထွက်ဆိုထားသည်။

အများပြည်သူအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ကုန်ပစ္စည်းများ မှာကြားဝယ်ယူပါက သတိထားသင့်ကြောင်းနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသော ယုံကြည်စိတ်ချရသည့် အရောင်းဆိုင်များမှသာ ဝယ်ယူအသုံးပြုကြရန် FDA လက်ထောက်အထွေထွေအတွင်းရေးမှူး Veerachai Nalawachai က ပြောသည်။

Source: Bangkok Post

https://www.bangkokpost.com/thailand/general/2505375/b14m-of-fake-cosmet...