တရုတ်အလယ်ပိုင်း အမြန်လမ်းတွင် ကားအစီးအရေ အများအပြား ဆင့်တိုက်ခဲ့မှုအတွင်း လူ (၁၆) ဦး သေဆုံး

တရုတ်အလယ်ပိုင်း အမြန်လမ်းတွင် ကားအစီးအရေ အများအပြား ဆင့်တိုက်ခဲ့မှုအတွင်း လူ (၁၆) ဦး သေဆုံး
ဖေဖော်ဝါရီ 5, 2023 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံ အလယ်ပိုင်း အ‌မြန်လမ်းမတစ်ခုတွင် ကားအစီးရေ အများအပြား ဆင့်တိုက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၁၆) ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ဖေဖေါ်ဝါရီလ (၅) ရက်တွင် ပြောသည်။ 

တရုတ်ပြည်တွင်မီဒီယာက ဖော်ပြခဲ့သည့် မှတ်တမ်းများအရ မီးလောင်နေသည့် ထရပ်များများနှင့် တိုက်မိထားသည့် ကားများကို တွေ့ရသည်။

ဟူနန်ပြည်နယ်အတွင်း အမြန်လမ်းတစ်ခုတွင် ဖေဖေါ်ဝါရီလ (၄) ရက်နေ့၏ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ယခုဖြစ်ရပ်တွင် ကားအစီးရေ (၅၀) နီးပါး ဆင့်တိုက်ခဲ့မိကြကြောင်းနှင့် အချို့ကားများ မီးစွဲလောင်ခဲ့ကြောင်း ဒေသခံ ယာဥ်ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

တရုတ်အစိုးရပိုင် People's Daily သတင်းဌာန၏ အွန်လိုင်းသတင်းအရ မီးလောင်နေသည့် ပို့ဆောင်ရေးကုမ္ပဏီများ၏ အမှတ်တံဆိပ်များ ရိုက်နှိပ်ထားသော ထရပ်ကားများ၊ တွန့်ကြေပျက်စီးပြီး တိမ်းမှောက်နေသည့် ကားများနှင့် အခင်းဖြစ်နေရာမှ မည်းနက်သည့် မီးခိုးများထွက်ပေါ်နေသည်ကို တွေ့ရသည်။

ကားအများအပြား ဆင့်တိုက်မှုအတွင်း ကားတိုက်မှု တစ်ခုတည်းတွင် သေဆုံးခဲ့သူ (၇) ဦး အပါအဝင် လူ (၁၆) ဦး သေဆုံးခဲ့ကြောင်းနှင့် အခြား လူ (၆၆) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ယာဥ်ထိန်းရဲတပ်ဖွဲ့က ပြောသည်။ 

ဒဏ်ရာရသူများကို ဆေးရုံများသို့ ပို့ဆောင်ခဲ့ပြီး (၈) ဦးမှာ ဒဏ်ရာြပင်းထန်ကြောင်းလည်း ယာဥ်ထိန်းရဲက ဆိုသည်။

People's Daily သတင်းတွင် ဖော်ပြမှုအရ ကားအများအပြား ဆင့်တိုက်ခဲ့မှုမှာ ဟူနန်ပြည်နယ်၏ မြို့တော် Changsha မြို့တွင် ဖြစ်ပွားခဲ့ကြောင်းနှင့် ကယ်ဆယ်ရေးဝန်ထမ်း (၁၈၀) ကို အခင်းဖြစ်နေရာသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။ 

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးဌာနက ဖေဖေါ်ဝါရီလ (၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

Source: AFP

Photo: AFP, CNN,  Sina Weibo,