ကမ္ဘောဒီးယားပြည်သူ (၂) သန်းခန့် လူမျိုးတုံးသတ်ဖြတ် ခံရမှုဖြင့် ထောင်ဒဏ်တစ်သက် (၂)ကြိမ် ပြစ်ဒဏ်ချမှတ်ခံရသူ အသက်(၉၀)ကျော် ခမာနီခေါင်းဆောင်ကို အကျဥ်းထောင်သို့ ရွှေ့ပြောင်း

Photo: Khmer Times
Photo: Khmer Times
ကမ္ဘောဒီးယားပြည်သူ (၂) သန်းခန့် လူမျိုးတုံးသတ်ဖြတ် ခံရမှုဖြင့် ထောင်ဒဏ်တစ်သက် (၂)ကြိမ် ပြစ်ဒဏ်ချမှတ်ခံရသူ အသက်(၉၀)ကျော် ခမာနီခေါင်းဆောင်ကို အကျဥ်းထောင်သို့ ရွှေ့ပြောင်း
ဖေဖော်ဝါရီ 2, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ကမ္ဘောဒီးယားနိုင်ငံတွင် နောက်ဆုံး အသက်ရှင်ကျန်ရှိနေသည့် ခမာနီခေါင်းဆောင်ကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် ထောင်နှစ်တစ်သက် (၂) ကြိမ် ပြစ်ဒဏ်ချမှတ်ထားမှုအပေါ် ၎င်း၏အယူခံ ရှုံးနိမ့်ခဲ့ပြီးနောက် ပြစ်ဒဏ်ကျခံရန် အကျဥ်းထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း အစိုးရရှေ့နေများက ဖေဖေါ်ဝါရီလ (၁) ရက်တွင် ပြောသည်။

၂၀၂၂ ခုနှစ်အတွင်း နောက်ဆုံးစီရင်ချက် ချမှတ်ခဲ့ရာတွင် ၂၀၁၈ ခုနှစ်ကကုလသမဂ္ဂ ကျောထောက်နောက်ခံပြု ကမ္ဘောဒီးယားတရားရုံး၏ ခမာနီခေါင်းဆောင် Khieu Samphan ကို ချမှတ်ထားခဲ့သည့် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်စီရင်မှုများကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။ 

အသက် (၉၁) နှစ်အရွယ် Khieu Samphan မှာ ကွန်မြူနစ်အစိုးရလက်ထက် နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ 

ခမာနီ ကွန်မြူနစ်အစိုးရက ၁၉၇၀ ပြည့်လွန်နှစ်များတွင် ကမ္ဘောဒီးယားလူဦးရေ၏ လေးပုံတစ်ပုံကို (၄) နှစ်မပြည့်သည့် အချိန်ကာလအတွင်း သတ်ဖြတ်ခဲ့သည်။

Khieu Samphan နှင့် ၂၀၁၉ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သူ "အကို နံပါတ် (၂)" ခေါ်  Nuon Chea တို့ကို ၂၀၁၄ ခုနှစ်အတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများဖြင့် တရားရုံးက ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။ 

ခမာနီခေါင်းဆောင် Khieu Samphan ကို ၂၀၀၇ ခုနှစ်က ဖမ်းဆီးခဲ့ပြီးနောက် တရားရုံး၌ အထူးအဆောက်အအုံတစ်ခုတွင် ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

"Khieu Samphan ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့က Kandal ပြည်နယ်အကျဥ်းထောင်သို့ လွှဲပြောင်းလိုက်ပြီး သူ့ရဲ့ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ် (၂) ခုကို  ဆက်လက် ကျခံရစေမှာပါ" ဟု အစိုးရရှေ့နေများက ဖေဖေါ်ဝါရီလ (၁) ရက်နေ့ ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

အဆိုပါ အကျဥ်းထောင်မှာ ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော် ဖနွမ်းပင်မြို့မှ မိနစ် (၂၀) ခန့် ကားမောင်းသွားရသည့် အကွာအဝေးတွင် တည်ရှိသည်။ 

ကမ္ဘောဒီးယားနှင့် နိုင်ငံတကာတရားသူကြီးများ ပါဝင်ကြသည့် တရားရုံးကို ခမာနီအစိုးရ၏ ထိပ်တန်းခေါင်းဆောင်များကို တရားစီရင်ရန် ဖွဲ့စည်းခဲ့သည်။

၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ခမာနီတို့ အုပ်ချုပ်ခဲ့စဥ်အတွင်း အစာရေစာငတ်ပြတ်မှု၊ ညှဥ်းပန်းနှိပ်စက်မှု၊ အတင်းအကျပ် အလုပ်စေခိုင်းမှုနှင့်  လူအစုအပြုံလိုက် ကွပ်မျက်မှုတို့ကြောင့် ကမ္ဘောဒီးယားပြည်သူ (၂) သန်းခန့် သေဆုံးခဲ့ကြသည်။ 

"အကို နံပါတ် (၁)" ဟု လူသိများသည့် ခမာနီအစိုးရခေါင်းဆောင် ပိုပေါ့ (Pol Pot) မှာမူ ပြစ်ဒဏ်စီရင်ခံခဲ့ရခြင်းမရှိဘဲ ၎င်းတို့ကို စီရင်မည့် တရားရုံး မဖွဲ့စည်းရသေးမီ ၁၉၉၈ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

Source: AFP