သမီးဖြစ်သူနှင့်အတူ မြန်မာအိမ်အကူ အမျိုးသမီးကို ညှဥ်းပန်းနှိပ်စက် သတ်ဖြတ်မှုတွင် ပါဝင် ပတ်သက်ခဲ့သည့် အမျိုးသမီးကြီးကို စင်ကာပူနိုင်ငံ တရားရုံးက ထောင်ဒဏ် (၁၄) နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
အသက် (၂၄) နှစ်အရွယ် မြန်မာအိမ်အကူ Piang Ngaih Don မှာ ညှဥ်းပန်းနှိပ်စက်မှုမျိုးစုံ ခံခဲ့ရပြီးနောက် ဦးနှောက်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ထိုအမှုတွင် အသက် (၄၂) နှစ်အရွယ် အိမ်ရှင်အမျိုးသမီး Gaiyathiri Murugayan ကို ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ထောင်ဒဏ် နှစ် (၃၀) ချမှတ်ခဲ့သည်။
ယခုအခါ ၎င်း၏မိခင်ဖြစ်သူ အသက် (၆၄) နှစ်အရွယ် Prema S Naraynasamy ကိုလည်း မြန်မာအိမ်အကူကို ညှဥ်းပန်နှိပ်စက်မှုဖြင့် ဇန်နဝါရီလ (၉) ရက်နေ့က ထောင်ဒဏ် (၁၄) နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။
Prema က အိမ်အကူတစ်ဦးကို တမင်ရည်ရွယ်ကာ ထိခိုက်နာကျင်စေမှု အများစုဖြစ်သည့် စွဲချက် (၄၈) ခုအတွက် အပြစ်ရှိကြောင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ဝန်ခံခဲ့သည်။
Prema က မြန်မာအိမ်အကူ အမျိုးသမီး Piang Ngaih Don ကို ရေဖြင့်လောင်းခြင်း၊ ဆောင့်ကန်ခြင်း၊ ထိုးကြိတ်ခြင်းနှင့် ပါးရိုက်ခြင်း၊ လည်ပင်းမှဆွဲခြင်း၊ ဆံပင်ဆောင့်ဆွဲခြင်းနှင့် ဦးခေါင်းကို ကြမ်းတမ်းစွာလှည့်ခြင်း အပါအဝင် ညှဥ်းပန်းနှိပ်စက်မှုများ လုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ယောက်မ၊ မျက်နှာသုတ်ပဝါနှင့် ဆပ်ပြာမှုန့်ဘူးကဲ့သို့ ပစ္စည်းများဖြင့်လည်း ရိုက်နှက်ခဲ့ပြီး မြန်မာအိမ်အကူ အမျိုးသမီး သန့်စင်ခန်းသုံးသည်ကို စောင့်ကြည့်ခဲ့သည်ဟု ဆိုသည်။
မြန်မာအိမ်အကူ အမျိုးသမီးမှာ (၁၄) လအတွင်း အကြိမ်ကြိမ် ညှဥ်းပန်းနှိပ်စက်ခံရပြီးနောက် ၂၀၁၆ ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့တွင် ဦးနှောက်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။
Source: CNA