ဘရာဇီးနိုင်ငံတွင် ကွယ်လွန်သူ ဂန္တဝင် ကမ္ဘာကျော် ဘောလုံးသမားကြီး ပီလီကို နောက်ဆုံးနှုတ်ဆက် ဂါရဝပြုရန် ကမ်းရိုးတန်းဒေသ ဆန်းတို့စ်မြို့ရှိ Vila Balmiro ဘောလုံးကွင်း၌ (၂၄) နာရီ အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ခဲ့ရာ ဘရာဇီးသမ္မတ လူးဝစ်အင်နာစီယို လူလာဒါဆေးလ်ဗား အပါအဝင် လူ (၁၅၀,၀၀၀) ကျော် လာရောက်ခဲ့ကြသည်။
ကမ္ဘာကျော်ဘောလုံးသမားကြီး ပီလီမှာ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
ပီလီမှာ အူမကြီးကင်ဆာကို တစ်နှစ်ကြာ ကုသနေခဲ့ရသူ ဖြစ်ပြီး ယမန်နှစ် နိုဝင်ဘာလ (၂၉) ရက်တွင် နောက်ဆုံးအကြိမ် ဆေးရုံတက်ခဲ့ရပြီးနောက် ဆေးရုံတွင် တစ်လတိတိပြည့်သည့် ဒီဇင်ဘာလ (၂၉) ရက်နေ့က ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ပီလီအတွက် (၂၄) နာရီကြာ အောက်မေ့ဖွယ်အခမ်းအနားကို ဇန်နဝါရီလ (၂) ရက် ဒေသစံတော်ချိန် နံနက် (၁၀) နာရီတွင် စတင်ခဲ့ပြီး ဇန်နဝါရီလ (၃) ရက် ညနေပိုင်းတွင် ပြီးဆုံးခဲ့သည်။
ပီလီ၏ ရုပ်အလောင်းထားရှိရာ ဆန်းတို့စ်မြို့ရှိ ဘောလုံးကွင်းအပြင်ဘက်တွင် ကွင်းအတွင်းသို့ဝင်ရန် လူတန်းရှည်ကြီးက တန်းစီစောင့်ဆိုင်းနေခဲ့ကြသည်။
ပီလီကို နောက်ဆုံးနှုတ်ဆက် ဂါရဝပြုရန် လာရောက်သူများမှာ ညဘက်၌ပင် (၂) နာရီကြာအထိ တန်းစီစောင့်ဆိုင်း ခဲ့ကြကြောင်း ဆန်းတို့စ် ဘောလုံးကလပ်အသင်းက ဆိုသည်။
ကမ္ဘာကျော် ဘောလုံးသမားကြီး ပီလီက ဆန်းတို့စ်ဘောလုံးအသင်းတွင် ၁၉၅၆ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ကစားခဲ့ပြီး ဂိုးပေါင်း (၁,၀၀၀) ကျော် သွင်းယူခဲ့သူဖြစ်သည်။
ပီလီ အောက်မေ့ဖွယ်အခမ်းအနားသို့ ဘရာဇီးသမ္မတသစ် လူလာဒါဆေးလ်ဗားက ဇန်နဝါရီလ (၃) ရက် နံနက်ပိုင်းတွင် ရဟတ်ယာဥ်ဖြင့် ရောက်ရှိလာခဲ့ကာ ဘောလုံးကွင်းလယ်ရှိ ပီလီ၏ ခေါင်းတလားဘေးတွင်းရပ်ပြီး ဘရာဇီးအလံတစ်ခုကိုချကာ နောက်ဆုံးနှုတ်ဆက် ဂါရဝပြုခဲ့သည်။
ဂန္တဝင်ဘောလုံးသမားကြီး ပီလီကို ထင်ရှားကျော်ကြားသူများနှင့် အာဏာပိုင်များကလည်း နှုတ်ဆက်ဂါရဝပြုခဲ့သည်။
ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ဥက္ကဌ Gianni Infantino ကလည်း ဇန်နဝါရီလ (၂) ရက်နေ့တွင် ပီလီအောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကမ္ဘာတဝန်းမှ ဘောလုံးအဖွဲ့ချုပ်များကို ပီလီအမည်ဖြင့် ဘောလုံးကွင်းတစ်ခုကို နာမည်ပေးရန် ပြောကြားသွားမည်ဟု ဆိုသည်။
ပီလီ၏ ခေါင်းတလားကို ဇန်နဝါရီလ (၃) ရက် ညနေပိုင်းတွင် ဆန်းတို့စ်မြို့ လမ်းမများတစ်လျှောက် သယ်ဆောင်သွားမည်ဖြစ်ပြီး ၎င်း၏ အသက် (၁၀၀) နှစ်အရွယ် မိခင်ဖြစ်သူ နေထိုင်ရာ ရပ်ကွက်ကို ဖြတ်သွားမည်ဟုဆိုသည်။
ထို့နောက် Ecumenical Memorial Necropolis သုသာန်တွင် ပီလီ၏ ရုပ်အလောင်းကို မြှုပ်နှံသွားမည် ဖြစ်သည်။
ပီလီ၏ မိခင်ကြီးမှာ သားဖြစ်သူ ဂန္တဝင် ကမ္ဘာကျော် ဘောလုံးသမားကြီး ကွယ်လွန်သွားပြီဖြစ်ကြောင်း မသိရှိသေးဟု ဆိုသည်။
Source: Reuters