မလေးရှားနိုင်ငံအတွင်း အပန်းဖြေစခန်းချနေရာတွင် မြေပြိုမှုအတွင်း သေဆုံးသူ (၂၄) ဦးအထိ မြင့်တက်လာရာ ကလေး (၇)ဦး ပါဝင်

မလေးရှားနိုင်ငံအတွင်း အပန်းဖြေစခန်းချနေရာတွင် မြေပြိုမှုအတွင်း သေဆုံးသူ (၂၄) ဦးအထိ မြင့်တက်လာရာ ကလေး (၇)ဦး ပါဝင်
ဒီဇင်ဘာ 18, 2022 | နိုင်ငံတကာသတင်း
By Mr John

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့စွန်ရှိ အပန်းဖြေ စခန်းချနေရာတစ်ခုတွင် ဒီဇင်ဘာလ (၁၆) ရက်နေ့၏ နံနက် အစောပိုင်းက ဖြစ်ပွားခဲ့သည့် မြေပြိုမှုအတွင်း သေဆုံးသူအရေအတွက် (၂၄) ဦးအထိ မြင့်တက်လာကြောင်းနှင့် ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် အမျိုးသမီးတစ်ဦးနှင့် ကလေး (၂) ဦး၏ အလောင်းများ ပြန်ရှာတွေ့ခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ပြောသည်။

ကွာလာလမ်ပူမြို့ ဆင်ခြေဖုံးတွင်  ၂၀၂၂ခုနှစ်  ဒီဇင်ဘာလ (၁၆) ရက် နံနက် (၃) နာရီမတိုင်မီက တောင်စောင်းတစ်ခု မြေပြိုကျခဲ့ရာ အောက်ဘက်ရှိ အော်ဂဲနစ်စိုက်ပျိုးရေးခြံနှင့် စခန်းချနေရာပေါ်သို့ ရွှံ့နွံ၊ ကျောက်တုံးနှင့် သစ်ပင်များ ဖုံးအုပ်သွားခဲ့သည်။ 

စခန်းချနေထိုင်သူများသည် ၎င်းတို့၏ ယာယီတဲအတွင်း အိပ်ပျော်နေစဥ် မြေပြိုကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာလ (၁၇) ရက်နေ့အထိ စာရင်းများအရ မြေပြိုမှုအတွင်း လူ (၉၄) ဦး ဖုံးလွှမ်း ပိတ်မိသွားခဲ့ကြောင်းနှင့် (၆၁) ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး (၉) ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ 

သေဆုံးကြောင်း အတည်ပြုထားသူ (၂၄) ဦးအနက် ကလေး (၇) ဦး ပါဝင်သည်။ 

နောက်ထပ် အသက်ရှင်သူများကို ရှာဖွေတွေ့ရှိရန် အခွင့်အလမ်းနည်းကြောင်း ဆီလန်ဂေါပြည်နယ် မီးသတ်နှင့်ကယ်ဆယ်ရေးဌာန အကြီးအကဲ Norazam Khamis က ဆိုသည်။

မြေပြိုမှုအတွင်း သေဆုံးခဲ့သူတစ်ဦးချင်း၏ မိသားစုများကို မလေးရှားရင်းဂစ် (၁၀,၀၀၀) (အမေရိကန်ဒေါ်လာ ၂,၂၆၀) ထောက်ပံ့ပေးအပ်သွားမည်ဟု ဝန်ကြီးချုပ် အန်ဝါအီဗရာဟင်မ်က ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ပြောထားသည်။ 

ထို့အတူ မြေပြိုမှုအတွင်း အသက်ရှင်ကျန်သူများကိုလည်း အိမ်ထောင်စုတစ်ခုလျှင် ရင်းဂစ် (၁၀,၀၀၀) စီ ထောက်ပံ့သွားမည်ဟု ဆိုသည်။

တောင်စောင်းတစ်လျှောက် မြေပြိုကျမှုမှာ မလေးရှားနိုင်ငံ၏ မြို့တော် ကွာလာလမ်ပူမြို့၏ မြောက်ဘက် မိုင် (၃၀) ခန့်အကွာရှိ Batang Kali မြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

Batang Kali မြို့မှာ အပန်းဖြေစခန်းများ၊ ရေတံခန်များနှင့် သဘာဝအလှအပများဖြင့် လူသိများသည့် Genting Highlands တောင်ထိပ်ဧရိယာ အပြင်ဘက်တွင် တည်ရှိသည်။

မလေးရှားတွင် မြေပြိုမှုများ ဖြစ်ပွားလေ့ရှိသော်လည်း ပုံမှန်အားဖြင့် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက်ပိုင်းတွင်သာ ဖြစ်သည်။ 

ယခု မြေပြိုမှုမှာမူ မိုးသည်းထန်စွာ ရွာသွန်းမှုမရှိဘဲ ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။ 

မလေးရှားတွင် ရေကြီးရေလျှံမှုများလည်း မကြာခဏ ဖြစ်ပေါ်တတ်ပြီး ယမန်နှစ်အတွင်းက ပြည်နယ် (၇) ခုတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ‌ရေကြီးမှုကြောင့် လူဦးရေ (၂၁,၀၀၀) နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရသည်။

Source: Reuters

Photo: REUTERS/Hasnoor Hussain,