ဟာဝိုင်အီကျွန်းပေါ်ရှိ ကမ္ဘာ့အကြီးဆုံး မီးတောင် နှစ် (၄၀) နီးပါးအတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲ

ဟာဝိုင်အီကျွန်းပေါ်ရှိ ကမ္ဘာ့အကြီးဆုံး မီးတောင် နှစ် (၄၀) နီးပါးအတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲ
နိုဝင်ဘာ 30, 2022 | နိုင်ငံတကာသတင်း
By Mr John

ဟာဝိုင်အီကျွန်းပေါ်ရှိ ကမ္ဘာ့အကြီးဆုံး မီးတောင်ရှင် မာအူနာလိုအာ (Mauna Loa) မှာ နှစ် (၄၀) နီးပါးအတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲနေကြောင်း သိရသည်။ 

မီးတောင်ချော်ရည် အများစုမှာ မီးတောင်ထိပ်ဝတွင်သာ ရှိနေသော်လည်း ဒေသခံများကို သတိပြုနေထိုင်ကြရန်နှင့် အစောပိုင်းက မီးတောင်ပြာမှုန်များအန္တရာယ် သတိပေးချက်ထုတ်ခဲ့သည်။ 

မီးတောင်ပေါက်ကွဲနေမှု အခြေအနေမှာ အလျင်အမြန် ပြောင်းလဲနိုင်ခြင်းမရှိကြောင်းနှင့် လက်ရှိတွင် မီးတောင်ချော်ရည်များက ဒေသခံများကို ခြိမ်းခြောက်မှုမရှိကြောင်း US Geological Service (USGS) နိုဝင်ဘာလ (၂၉) ရက် နေ့လယ်ပိုင်းတွင် ပြောခဲ့သည်။

မီးတောင်သတိပေးချက်အဆင့်ကိုမူ အကြံပြုချက် "advisory" မှ "သတိပေးချက် "warning" အဖြစ် တိုးမြှင့်ထားကြောင်း သိရသည်။ 

ယခုအဆင့်တွင် မီးတောင်အနီးပတ်ဝန်းကျင်ရှိ ဒေသခံများကို ထိခိုက်မှုမဖြစ်နိုင်သေးကြောင်းနှင့် ရွှေ့ပြောင်းရန်ညွှန်ကြားချက်များ ထုတ်ပြန်ထားခြင်းမရှိသေးဟု ဆိုသည်။ 

မာအူနာလိုအာ မီးတောင်ကြီးမှာ အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းရှိ ဟာဝိုင်အီမီးတောင်များ အမျိုးသားဥယျာဥ် (Hawaii Volcanoes National Park) အတွင်း တည်ရှိသည်။

ထိုမီးတောင်ကြီးမှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၁၃,၆၇၉) မြင့်တက်နေပြီး မီးတောင်ဧရိယာမှာ စတုရန်းမိုင် (၂,၀၀၀) ကျော်ရှိကြောင်း သိရသည်။ 

မာအူလိုနာမီးတောင်က နှစ် (၄၀) နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာလ (၂၇) ရက်နေ့၏ ဒေသစံတော်ချိန် ည (၁၁) နာရီခွဲဝန်းကျင်တွင် ပေါက်ကွဲခဲ့ကြောင်း Reuters သတင်းက ဖော်ပြသည်။ 

မာအူလိုနာမီးတောင်မှာ ၁၉၈၄ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ဖူးပြီး မီးတောင်ချော်ရည်များ ဟာဝိုင်အီကျွန်း၏ အကြီးဆုံးမြို့ဖြစ်သော Hilo မြို့၏ (၅) မိုင်အတွင်းသို့ စီးဆင်းရောက်ရှိခဲ့ကြောင်း သိရသည်။

ထိုမီးတောင်ပေါက်ကွဲမှု အကြိမ်ရေအားလုံး၏ ထက်ဝက်ခန့်မှာ မီးတောင်ထိပ်ဝတွင်သာ ကန့်သတ်ဖြစ်ပွားခဲ့ကြောင်း ဟာဝိုင်အီ အရေးပေါ်စီမံခန့်ခွဲမှုဌာန Emergency Management Agency က ဆိုသည်။ 

ဟာဝိုင်အီကျွန်းပေါ်တွင် ကြိုတင်ပြင်ဆင်မှုအဖြစ် ခိုလှုံရေးစခန်း (၂) ခု ဖွင့်လှစ်ထားကြောင်း၊ သို့သော် မီးတောင်ချော်ရည်များက အနီးပတ်ဝန်းကျင်ရှိ ဒေသခံများကို ထိခိုက်လိမ့်မည်မဟုတ်ဘဲ ရွှေ့ပြောင်းရန်ညွှန်ကြားချက်များ ထုတ်ပြန်မထားကြောင်း အရေးပေါ်စီမံခန့်ခွဲမှုဌာနက ပြောသည်။

Source: CNN, Reuters, BBC