တရုတ်သမ္မတ ရှီကျင့်ဖျင်က ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒေါကို အစည်းအဝေးမှတ်တမ်း အသေးစိတ်များ ပေါက်ကြားမှုအတွက် G20 ထိပ်သီးအစည်းအဝေး ခန်းမအတွင်း နိုဝင်ဘာလ (၁၆) ရက်နေ့က ထိပ်တိုက်တွေ့ စွပ်စွဲပြောဆိုနေသည်ကို ဗီဒီယိုမှတ်တမ်းတစ်ခုတွင် တွေ့ရသည်။
ရှီကျင့်ဖျင်က ထိုလုပ်ရပ်မှာ မသင့်လျော်ကြောင်းနှင့် ကနေဒါဝန်ကြီးချုပ်ကို မရိုးသားကြောင်း စကားပြန်မှတစ်ဆင့် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
သူလျှိုလုပ်မှုနှင့် ကနေဒါရွေးကောက်ပွဲများတွင် တရုတ်ဝင်ရောက် စွက်ဖက်မှုရှိကြောင်း စွပ်စွဲမှုများနှင့် ပတ်သက်၍ ထရူဒေါနှင့် ရှီကျင့်ဖျင်တို့က G20 အစည်းအဝေးတွင် တံခါးပိတ်အစည်းအဝေး ပြုလုပ်ခဲ့ကြသည်။
တရုတ်သမ္မတက ထိုအစည်းအဝေးကို ရည်ညွှန်းခြင်းဖြစ်နိုင်ကြောင်း သိရသည်။
ကနေဒါရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့သည့် ထိုဗီဒီယိုမှတ်တမ်းတွင် ခန်းမအတွင်း ရှီကျင့်ဖျင်နှင့် ထရူဒေါတို့ အနီးကပ် မျက်နှာချင်းဆိုင် မတ်တပ်ရပ်လျက် စကားပြန်တစ်ဦးမှတစ်ဆင့် စကားပြောဆိုနေခဲ့သည်ကို တွေ့ရသည်။
ပုံမှန်အားဖြင့် တရုတ်အစိုးရသတင်းဌာနများက သတိထားပြီး ရွေးချယ်ဖော်ပြလေ့ရှိသော တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မခံမရပ်နိုင်ဖြစ်နေသည့် ယခု အမူအရာကို ထိုဗီဒီယိုတွင် ရှားရှားပါးပါး မြင်တွေ့ခဲ့ရသည်။
"ကျုပ်တို့ ဆွေးနွေးခဲ့တာမှန်သမျှက သတင်းစာတွေကို ပေါက်ကြားသွားတယ်။ ဒါက မသင့်လျော်ဘူး။ ရိုးသားမှုရှိရင် ကျုပ်တို့ အပြန်အလှန် လေးစားမှုနဲ့အတူ ကောင်းစွာ ဆက်ဆံပြောဆိုနိုင်တယ်။ ဒီလိုမဟုတ်ရင် အကျိုးရလဒ်က ဘာဖြစ်လာမယ်ဆိုတာ ပြောဖို့ခက်တယ်"" ဟု ရှီကျင့်ဖျင်က မန်ဒရင်တရုတ်ဘာသာစကားဖြင့် ပြောဆိုခဲ့သည်။
နိုဝင်ဘာလ (၁၅) ရက်တွင် ရှီကျင့်ဖျင်နှင့် တံခါးပိတ်အစည်းအဝေး ပြုလုပ်ခဲ့ရာတွင် သူလျှိုလုပ်မှုနှင့် ကနေဒါရွေးကောက်ပွဲများ၌ တရုတ်ဝင်ရောက်စွက်ဖက်မှုရှိကြောင်း စွပ်စွဲမှုများနှင့် ပတ်သက်၍ အလေးအနက် စိုးရိမ်ကြောင်း ထရူဒေါက ထုတ်ဖော်ပြောခဲ့သည်ဟု မီဒီယာများက သတင်းဖော်ပြခဲ့မှုကို တရုတ်သမ္မတက ရည်ညွှန်းပုံရကြောင်း သိရသည်။
၎င်းတို့နှစ်ဦးမှာ (၃) နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။
ထရူဒေါက ရှီကျင့်ဖျင်ကို "ကနေဒါမှာ လွတ်လပ်ပွင့်လင်းတဲ့ ဆွေးနွေးမှုကို ယုံကြည်ထားပြီး ဒါက ကျွန်တော်တို့ ဆက်လက် စွဲကိုင်ထားမယ့်အရာပါ။ သဘောထားကွဲလွဲတာတွေ ရှိမှာဖြစ်ပေမဲ့ အပြုသဘောဆောင်တဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်မှုလုပ်ဖို့ ကျွန်တော်တို့က ဆက်လက် မျှော်လင့်သွားပါမယ်" ဟု တုံ့ပြန်ခဲ့သည်။
ကနေဒါဝန်ကြီးချုပ် ထရူဒေါက စကားမဆုံးခင်မှာပင် စိတ်တိုနေပုံရသည့် တရုတ်သမ္မတရှီကျင့်ဖျင်က စကားစဖြတ်လိုက်ပြီး "သတ်မှတ်ချက်တွေထားပါ" ဟု ပြောကာ လက်ဆွဲနှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့သည်ကို ဗီဒီယိုတွင် တွေ့ရသည်။
ထရူဒေါနှင့် ရှီကျင့်ဖျင်တို့၏ အဆိုပါ ဗီဒီယိုမှတ်တမ်းတိုက ကနေဒါနှင့် တရုတ်ကြား တင်းမာမှုများကို ထင်ရှားစေခဲ့သည်။
၂၀၁၈ ခုနှစ်က တရုတ်နည်းပညာကုမ္ပဏီကြီး Huawei Technologies ၏ အမှုဆောင်အရာရှိ Meng Wanzhou ကို ကနေဒါတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာနေခဲ့သည်။
တရုတ်ကလည်း ကနေဒါနိုင်ငံသား (၂) ဦကို သူလျှိုမှုဖြင့် ဖမ်းဆီးခဲ့သည်။
နောက်ပိုင်းတွင် ထို (၃) ဦးလုံးကို ပြန်လွှတ်ပေးခဲ့ကြသည်။
သို့သော် မကြာသေးမီက ကနေဒါကုမ္ပဏီ Hydro-Québec တွင် အလုပ် လုပ်ကိုင်နေသည့် အသက် (၃၅) နှစ်အရွယ် Yuesheng Wang ကို တရုတ်အတွက် သူလျှိုလုပ်မှုဖြင့် ကနေဒါရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း တင်းမာမှုများ ပြန်လည်မြင့်တက်လာကြောင်း သိရသည်။
Yuesheng Wang ကို ဖမ်းဆီးပြီး စွဲချက်တင်သည့် နိုဝင်ဘာလ (၁၅) ရက်တွင် ကနေဒါဝန်ကြီးချုပ် ထရူဒေါနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့က G20 အစည်းအဝေးတက်ရန် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းသို့ ရောက်ရှိနေခဲ့ကြသည်။
Source: BBC, Reuters