ပြီးခဲ့သည့်လအတွင်း နယူးဇီလန်နိုင်ငံတွင် ခရီးဆောင်လက်ဆွဲသေတ္တာများထဲ၌ အရိုးစုအကြွင်းအကျန်များ တွေ့ရှိခဲ့ရသော ကလေး (၂) ဦး၏ မိခင်ဖြစ်သည်ဟု ယုံကြည်ရသည့် အမျိုးသမီးကို စက်တင်ဘာလ (၁၅) ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း တောင်ကိုရီးယားရဲတပ်ဖွဲ့က ပြောသည်။
တောင်ကိုရီးယားနိုင်ငံဖွား နယူးဇီလန်တွင် နေထိုင်သည့် ထိုအမျိုးသမီးကို လူသတ်မှုဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။
အသက် (၄၀) ကျော်အရွယ် ထိုအမျိုးသမီးကို တောင်ကိုရီးယား အရှေ့တောင်ပိုင်းရှိ Ulsan မြို့တွင် စက်တင်ဘာလ (၁၅) ရက်နေ့ အစောပိုင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာရဲတပ်ဖွဲ့ INTERPOL က အနီရောင်သတိပေးချက် ထုတ်ခဲ့ပြီးနောက် အမျိုးသမီးကို ဖမ်းဆီးခဲ့ကြောင်း တောင်ကိုရီးယားရဲတပ်ဖွဲ့ Korean National Police Agnecy က ပြောသည်။
"သူမက ပြစ်မှုကျူးလွန်ပြီးတော့ တောင်ကိုရီးယားကို ရောက်လာခဲ့တယ်လို့ စစ်ဆေးတွေ့ရှိရတယ်။ အဲဒီကတည်းက ပုန်းအောင်းနေခဲ့တာ ဖြစ်ပါတယ်" ဟု တောင်ကိုရီးယားရဲတပ်ဖွဲ့က ဆိုသည်။
ထိုအမျိုးသမီးမှာ နယူးဇီလန်နိုင်ငံ အုတ်ကလန်မြို့တွင် ၎င်း၏ အသက် (၇) နှစ်နှင့် အသက် (၁၀) နှစ်အရွယ် ကလေး (၂) ဦးကို သတ်ပြီးနောက် ၂၀၁၈ ခုနှစ်အတွင်း တောင်ကိုရီးယားသို့ ထွက်ပြေးလာခဲ့ကြောင်း သံသယရှိထားသည်။
တောင်ကိုရီးယားနှင့် နယူးဇီလန် ရဲတပ်ဖွဲ့တို့က ၎င်း၏အမည်နှင့် အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသည့် အမျိုးသမီးကို Ulsan ရဲစခန်းမှ အရပ်ဝတ် ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးရေးမှူးများက ခေါ်ဆောင်လာပြီး ၎င်း၏ဦးခေါင်းကို ကြီးမားသည့် အညိုရောင်ကုတ်အင်္ကျီဖြင့် ဖုံးအုပ်ထားသည်ကို မီဒီယာဓာတ်ပုံများတွင် တွေ့ရသည်။
ပြည်တွင်းမီဒီယာများက ၎င်းကို လူသတ်မှုများအတွက် ဝန်ခံမည်ဟုတ် မဟုတ် မေးမြန်းခဲ့ကြရာ ထိုအမျိုးသမီးက "ကျွန်မ မလုပ်ခဲ့ပါဘူး" ဟု ဖြေကြားသွားခဲ့သည်။
တောင်ကိုရီးယားသတင်းဌာန Yonhap ၏ ဖော်ပြမှုအရ ထိုအမျိုးသမီးက ယခုနှစ်တွင် Ulsan မြို့ရှိ ခင်မင်ရင်းနှီးသူတစ်ဦး၏ တိုက်ခန်းတွင် စတင်နေထိုင်ခဲ့ပြီး အစောပိုင်းတွင်မူ ဆိုးလ်မြို့၌ နေခဲ့သည်ဟု သိရသည်။
ရဲတပ်ဖွဲ့က ထိုအမျိုးသမီးကို ဆိုးလ်မြို့ ဗဟိုခရိုင်အစိုးရရှေ့နေရုံးသို့ လွှဲပြောင်းပေးရန် စီစဥ်ထားပြီး ဆိုးလ်အထက်တရားရုံးက တရားခံလွှဲပြောင်းရေးအတွက် စိစစ်သွားမည်ဟု Yonhap က ဆိုသည်။
နယူးဇီလန်တွင် မိသားစုတစ်စုက လေလံပွဲမှ ဝယ်ယူလာခဲ့သော ခရီးဆောင်လက်ဆွဲသေတ္တာများအတွင်း လူအရိုးစု အကြွင်းအကျန်များ တွေ့ရှိခဲ့ရပြီးနောက် ရဲတပ်ဖွဲ့က အုတ်ကလန်မြို့တွင် လူသတ်မှုအဖြစ် အမှုဖွင့် စုံစမ်းစစ်ဆေးခဲ့သည်။
ရုပ်အလောင်းအကြွင်းအကျန်များကို တွေ့ရှိခဲ့သည့် မိသားစုနှင့် သေဆုံးသူများမှာ ဆက်နွယ်မှုမရှိဟု ဆိုသည်။
Source: Reuters, CNA
Photo: Bae Byung-soo/Newsis, TVNZ/REUTERS, Yonhap