ဝန်ကြီးချုပ် ရာထူးကနေ ဆိုင်းငံ့ခံထားရသည့်  ပရာယွတ်က လက်နက်ပစ္စည်းပြပွဲကို ကာကွယ်ရေးဝန်ကြီး အနေဖြင့် တက်ရောက် 

 ကာကွယ်ရေးဝန်ကြီးအဖြစ် တက်ရောက်သည့် လက်နက်ပစ္စည်းပြပွဲတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း ပရာယွတ်ကို တွေ့ရစဉ်။ Photo: IMPACT
ကာကွယ်ရေးဝန်ကြီးအဖြစ် တက်ရောက်သည့် လက်နက်ပစ္စည်းပြပွဲတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း ပရာယွတ်ကို တွေ့ရစဉ်။ Photo: IMPACT
ဝန်ကြီးချုပ် ရာထူးကနေ ဆိုင်းငံ့ခံထားရသည့်  ပရာယွတ်က လက်နက်ပစ္စည်းပြပွဲကို ကာကွယ်ရေးဝန်ကြီး အနေဖြင့် တက်ရောက် 
သြဂုတ် 31, 2022 | နိုင်ငံတကာသတင်း
By Mr John

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ထိုင်းဝန်ကြီးချုပ်အဖြစ်မှ ရာထူးဆိုင်းငံ့ခံရပြီးနောက် ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ချန်အိုချာက နန္ဒပုရီပြည်နယ်၏ မြို့တော်     နန္ဒပုရီမြို့တွင် ကျင်းပပြုလုပ်သော ကာကွယ်ရေးပစ္စည်းပြပွဲ၌ ပထမဆုံးအကြိမ် လူမြင်ကွင်း ပြန်ထွက်လာခဲ့သည်။

 Impact Exhibition and Convention Centre ရှိ Challenger ခန်းမ၌ ကျင်းပပြုလုပ်သည့် Defence & Security 2022 ပြပွဲကို ဩဂုတ်လ (၂၉) ရက်တွင် ပရာယွတ်က ကာကွယ်ရေးဝန်ကြီးအဖြစ် တရားဝင်ဖွင့်လှစ်ခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ်က ရွေးကောက်ခံ အရပ်သားအစိုးရကို စစ်တပ်အာဏာသိမ်းမှုဖြင့် ဖြတ်ချခဲ့ပြီးနောက် အဆိုပါ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ ပရာယွတ်က ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ 

ယခုနှစ် ဩဂုတ်လ (၂၃) ရက်တွင် ၎င်း၏ ဝန်ကြီးချုပ်သက်တမ်းမှာ (၈) နှစ်ပြည့်ပြီဖြစ်ရာ အခြေခံဥပဒေအရ ရာထူးသက်တမ်း ကုန်ဆုံးသွားပြီဟု အတိုက်အခံပါတီက အရေးဆိုခဲ့ပြီး ထိုကိစ္စကို ဆုံးဖြတ်ရန် လွှတ်တော်က အခြေခံဥပဒေတရားရုံးသို့ လွှဲပြောင်းခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်ရာထူးသက်တမ်းကိစ္စကို ပြန်လည်သုံးသပ်နေစဥ်အတွင်း ပရာယွတ်ကို ရာထူးမှ ဆိုင်းငံ့ထားရန် အခြေခံဥပဒေတရားရုံးက ဩဂုတ်လ (၂၄) ရက်တွင် ထောက်ခံမဲ (၅) မဲ၊ ကန့်ကွက်မဲ (၄) မဲဖြင့် ဆုံးဖြတ်လိုက်သည်။ 

သို့သော် ရာထူးမှ ဆိုင်းငံ့ခံရသည့် ဗိုလ်ချုပ်ကြီးဟောင်းပရာယွတ်က ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆိုရှယ်မီဒီယာတွင် ပြောကြားလာခဲ့သည်။

"ပြည်သူတွေနဲ့ ထိုင်းနိုင်ငံအတွက် ကာကွယ်ရေးဝန်ကြီးအဖြစ် ကျွန်တော့် တာဝန်ကို ဆက်လက် ထမ်းဆောင်သွားမှာပါ" ဟု ပရာယွတ်က ၎င်း၏ တရားဝင် Twitter အကောင့်တွင် ဩဂုတ်လ (၂၅) ရက် နှောင်းပိုင်း၌ ပြောခဲ့သည်။ 

ယခုအခါ ပရာယွတ်ကို ထိုင်းကာကွယ်ရေးဝန်ကြီးအဖြစ် ကာကွယ်ရေးပစ္စည်းပြပွဲတွင် လူမြင်ကွင်း၌ ပြန်တွေ့လာရခြင်းလည်း ဖြစ်သည်။

ပြည်ပမှ ဂုဏ်သရေရှိသူများ၊ စစ်ဘက်ခေါင်းဆောင်များနှင့် စွန့်ဦးတီထွင်သူများကို အာဆီယံ၏ အဓိက ပွဲများအနက်တစ်ခုဖြစ်သည့် ကာကွယ်ရေးပစ္စည်းပြပွဲသို့ တက်ရောက်လာမှုအတွက် ကျေးဇူးတင်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်းပရာယွတ်က ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းအတွင်း ထည့်သွင်းပြောခဲ့သည်။ 

ထိုပြပွဲကို စက်တင်ဘာလ (၁) ရက်နေ့အထိ ကျင်းပပြလုပ်သွားမည်ဖြစ်ပြီး ခေတ်မီလက်နက်များနှင့် အမေရိကန်၊ ပြင်သစ်၊ အစ္စရေး၊ ဂျာမနီ၊ တောင်ကိုရီးယား၊ တရုတ်နှင့် ချက်ရီပတ်ဘလစ် အပါအဝင် (၁၅) နိုင်ငံကျော်မှ ကာကွယ်ရေးဆိုင်ရာ နည်းပညာများကို ခင်းကျင်းပြသထားကြောင်း သိရသည်။

ပရာယွတ်က ပြပွဲတွင် ခင်းကျင်းပြသထားသော ဒုံးကျည်များ၊ မောင်းသူမဲ့လေယာဥ်များ၊ ဂြိုဟ်တုစနစ်များနှင့် ပစ်ခတ်မှုထိန်းချုပ်ရေးစနစ်များကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း Bangkok Post သတင်းက‌ ဖော်ပြသည်။

ပရာယွတ် စိတ်ဝင်စားခဲ့သည့် ကာကွယ်ရေးပစ္စည်းများမှာ ထရပ်ကားတွင် တပ်ဆင်ထားပြီး အလိုအလျောက် ပစ်လွှတ်နိုင်သော (၁၅၅) မမ အမြောက်လက်နက်နှင့် အမေရိကန်စစ်တပ်သုံး XM5 ချေမှုန်းရေးရိုင်ဖယ်တို့ဖြစ်သည်ဟု ဆိုသည်။

ပရာယွတ်က ထိုပြပွဲသို့ တက်ရောက်လာစဥ်အတွင်း မလေးရှားကာကွယ်ရေးဝန်ကြီး Dato' Seri Hishammuddin bin Tun Hussein နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နယ်စပ်တစ်လျှောက် လုံခြုံရေးကို အထောက်အကူပြုရန် ဆွေးနွေးခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး Kongcheep Tantravanich က ပြောသည်။

ပြပွဲအတွင်း ၎င်း၏ ဝန်ကြီးချုပ်ရာထူးသက်တမ်း (၈) နှစ် ကန့်သတ်ချက်နှင့် ပတ်သက်၍ မေးမြန်းမှုများကိုမူ ပရာယွတ်က ဖြေကြားရန်ငြင်းဆန်ခဲ့သည်။ 

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်တစ်ဦး၏ ရာထူးသက်တမ်းကို (၈) နှစ်အဖြစ် ကန့်သတ်ထားသည်။ 

ဝန်ကြီးချုပ်ရာထူးသက်တမ်းကိစ္စကို ပြန်လည်သုံးသပ်မှုနှင့် ပတ်သက်၍ အခြေခံဥပဒေတရားရုံးက မည်သည့်အချိန်တွင် အဆုံးအဖြတ်ပေးမည်ကို အတိအကျ မသိရသေးဟု ဆိုသည်။

Source: Bangkok Post

Photo: IMPACT