ပြင်သစ်နိုင်ငံတွင် COVID-19 ကပ်ရောဂါကြောင့် (၂) နှစ်ကြာ lockdown ကာလအတွင်း လူအတော်များများက ၎င်းတို့၏ အချစ်တော် အိမ်မွေးကြောင်လေးများနှင့်အတူ အချိန်ကုန်ဆုံးခဲ့ကြရာမှ ယခုအခါ ပါရီမြို့သူမြို့များ ခရီးသွားရန် စိတ်အားထက်သန်နေကြပြီး အချစ်တော် ကြောင်လေးများကို ကြောင်ဟိုတယ်တွင်ထားရန် စီစဥ်လာကြသည်။
ပါရီမြို့ရှိ Arbre a Chats (Cats' Tree) ကြောင်ဟိုတယ်တွင် ကြောင်များကို အပ်နှံထားခဲ့မည်ဆိုပါက အလျင်အမြန် ကြိုတင်ဘွတ်ကင်လုပ်ရန် လိုအပ်ကြောင်းနှင့် ကြောင်များအတွက် သက်သောင့်သက်သာရှိစေရန် ခေတ်မီအပြင်အဆင်များဖြင့် ပြင်ဆင်ထားသည့် ဟိုတယ်အခန်း (၂၄) ခန်းလုံးမှာ ဘွတ်ကင်ပြည့်နေပြီဟု ဆိုသည်။
တစ်ကောင်နှင့်တစ်ကောင် ရင်းနှီးသော ကြောင်နှစ်ကောင်မှာ တစ်ခန်းတည်းအတူတူ တည်းခိုနေထိုင်နိုင်သော်လည်း ဟိုတယ်အခန်းများမှာ ပြည့်နေပြီဖြစ်သည်။
"မနှစ်ကနဲ့မတူဘူး။ ဒီနှစ်က ဩဂုတ်လကနေ လာမယ့်နှစ် ဖေဖေါ်ဝါရီလအထိ ဘွတ်ကင်ပြည့်နေပြီ" ဟု ကြောင်ဟိုတယ်ပိုင်ရှင် ဗာရိုနီကာကိုလ်ဆန်က ပြောသည်။
ကြောင်လေးများအတွက် ဆိုဖာပေါ်တွင် မှေးစက်နိုင်၊ သစ်သားဖြင့် ပြုလုပ်ပေးထားသည့် သစ်ပင်ပုံစံတူ အမြင့်တက်စရာပေါ်တွင် တက်ထိုင်နိုင် သို့မဟုတ် ပြတင်းပေါက်ကနေ လမ်းမကိုငေးရန် နေရာများ ဖန်တီးပေးထားသည့် ကြောင်ဟိုတယ်က ကြောင်ပိုင်ရှင်များအတွက် ၎င်းတို့၏ အချစ်တော်လေးများကို စိတ်ချထားခဲ့နိုင်သည့် နေရာလည်းဖြစ်သည်။
"ကျွန်မတို့ရဲ့ ကြောင်လေးအတွက် ဆေးဝါးနဲ့ ပြုစုစောင့်ရှောက်မှုရမယ့် ကြောင်ဟိုတယ် လိုအပ်ပါတယ်။ ဒီမှာက ဘာပြဿနာမှ မရှိရင် အဆင်ပြေပါလိမ့်မယ်" ဟု သူမ၏ ပုံမှန်ခရီးစဥ်တစ်ခု မထွက်ခွာမီ ကြောင်လေးကို ဟိုတယ်တွင်လာထားခဲ့သူ Anne-Marie Gratalou က ပြောသည်။
ပြင်သစ်ပုံစံအတိုင်းပင် ကြောင်ဟိုတယ်တွင် အနှိပ်ဝန်ဆောင်မှု၊ အမွေးအမျှင်ဖြီးသင်ပေးခြင်းနှင့် ဧည့်သည်ကို လာရောက်ခေါ်ဆောင်မှုကဲ့သို့ ဝန်ဆောင်မှုများရှိသည်။
ထို့အပြင် ကြောင်ဟိုတယ် စီမံခန့်ခွဲရေးအဖွဲ့က ပိုင်ရှင်များထံ တစ်ပတ်လျှင် (၂) ကြိမ် ၎င်းတို့၏ ကြောင်ဓာတ်ပုံနှင့် မည်သို့ နေထိုင်စားသောက်မှု အခြေအနေကို ပြောပြထားသည့် မက်ဆေ့ချ်များ ပို့ပေးကြောင်းလည်း သိရသည်။
Source: Reuters