တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် မိုးသည်းထန်မှုကြောင့် ရထားဘူတာရုံများ ရေကြီးမှုဖြစ်ပေါ်ကာ မော်တော်ယာဥ်များ ရေနစ်မြုပ်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် မိုးသည်းထန်မှုကြောင့် ရထားဘူတာရုံများ ရေကြီးမှုဖြစ်ပေါ်ကာ မော်တော်ယာဥ်များ ရေနစ်မြုပ်
By Mr John

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ဩဂုတ်လ (၈) ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများအတွင်း မော်တော်ယာဥ်များ ရေနစ်မြုပ်ခဲ့ကြောင်းနှင့် ရွှေ့ပြောင်းမှုများ လုပ်ဆောင်ခဲ့ကြရကြောင်း သိရသည်။ 

ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံနှင့်ဗီဒီယိုများအရ လမ်းမများ ရေမြုပ်နေပြီး လူအများအပြားမှာ မိုးသည်းထန်မှုအတွင်း သွားလာနေကြရကာ မြေအောက်ရထားဘူတာတစ်ခုသို့ ဆင်းသွားရသည့် လှေကားထစ်များအတိုင်း ရေများစီးကျလာသည်ကိုလည်း တွေ့ရသည်။

Twitter အသုံးပြုသူ @evh5150 ၏ ပြောကြားမှုအရ Gangnam ဧရိယာတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။ 

ဆိုးလ်မြို့တော်ဧရိယာ အပါအဝင် နိုင်ငံအလယ်ပိုင်းတွင် ဩဂုတ်လ (၈) ရက်နေ့က မိုးရေချိန် (၆.၇) လက်မ (၁၇၀ မီလီမီတာ) အထိ ရွာသွန်းခဲ့ကြောင်း တောင်ကိုရီးယားသတင်းဌာန Yonhap က ဖော်ပြသည်။

ဆိုးလ်မြို့တွင် ဩဂုတ်လ (၈) ရက် ဒေသစံတော်ချိန် ည (၈) နာရီအချိန်အထိ မိုးရေချိန် (၃.၅) လက်မ (၉၀.၅ မီလီမီတာ) ရွာသွန်းခဲ့ကြောင်း သိရသည်။ ဆိုးလ်မြို့တောင်ပိုင်း Dongjak ခရိုင်တွင်လည်း တစ်နာရီလျှင် မိုးရေချိန် (၅.၄) လက်မ (၁၃၇ မီလီမီတာ) အထိ စံချိန်တင် ရွာသွန်းခဲ့ပြီး ဆယ်စုနှစ်များအတွင်း အဆိုးဆုံး မိုးရွာသွန်းမှုဖြစ်ကြောင်း Yonhap က ပြောသည်။

ဆိုးလ်မြို့ဧရိယာအနှံ့၊ နိုင်ငံအနောက်ပိုင်း Incheon မြို့၊ Gyeonggi ပြည်နယ်၏ မြောက်ပိုင်းနေရာများနှင့် Gangwon ပြည်နယ်တို့တွင် မိုးသည်းထန်နိုင်ကြောင်း တောင်ကိုရီးယားမိုးလေဝသဌာန Korea Meteorological Administration က အစောပိုင်းတွင် ထုတ်ပြန်ထားခဲ့သည်။ 

မိုးသည်းထန်မှုကြောင့် နေရာအချို့တွင် ရေကြီးမှုနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း Yonhap သတင်းက ဖော်ပြသည်။

မိုးသည်းထန် ရေကြီးမှုကြောင့် အနိမ့်ပိုင်း နေရာများတွင် နေထိုင်ကြသူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရပြီး မြေအောက်ရထားလမ်းပိုင်းများတွင် ရထားအသွားအလာ ရပ်ဆိုင်းထားခဲ့ရသည်။ 

ဆိုးလ်မြို့တော် သယ်ယူပို့ဆောင်ရေးနှင့် သတင်းအချက်အလက်ဌာနက ဩဂုတ်လ (၈) ရက် ညပိုင်းက Twitter တွင် ပြောထားမှုအရ Yangjae-daero လမ်းမတွင် ရေကြီးနေပြီး မော်တော်ယာဥ်များ ဖြတ်သန်းသွားနိုင်မည်မဟုတ်ကြောင်း သိရသည်။

ဓာတ်ပုံတစ်ပုံအရ ဆိုးလ်မြို့တော်၏ လမ်းဆုံနေရာတစ်ခုတွင် ယာဥ်ကြောပိတ်ဆို့မှု အကြီးအကျယ် ဖြစ်ပေါ်နေသည့် တွေ့ရသည်။ 

ဩဂုတ်လ (၈) ရက် ဒေသစံတော်ချိန် ည (၁၁) နာရီခန့်တွင် ဆိုးလ်မြို့ခံများထံသို့ အများပြည်သူ ဘေးကင်းလုံခြုံရေး မက်ဆေ့ချ်များ ပေးပို့ခဲ့ပြီး မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။ ထို့အတူ သစ်တောများအနီး နေထိုင်ကြသူများအနေဖြင့် ကြိုတင်ကာကွယ်မှုအဖြစ် ရွှေ့ပြောင်းကြရန် အကြံပြုထားကြောင်း သိရသည်။

Source: CNA

Photo: Twitter/cafetero7878, RYUCHE,