တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း Jiangxi ပြည်နယ်ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် ဩဂုတ်လ (၃) ရက်နေ့က ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူ (၃) ဦး သေဆုံးပြီး (၆) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဦးထုပ်ဆောင်းပြီး mask တပ်ထားသည့် လူဆိုးဂိုဏ်းဝင်တစ်ဦးက Anfu ကောင်တီရှိ ကိုယ်ပိုင်မူလတန်းကျောင်းကို ဩဂုတ်လ (၃) ရက် ဒေသစံတော်ချိန် နံနက် (၁၀) နာရီခန့်တွင် စီးနင်းဝင်ရောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က Weibo တွင် ပြောထားသည်။
မူလတန်းကျောင်းတွင် ဓားဖြင့်တိုက်ခိုက်ခဲ့သည့် အသက် (၄၈) နှစ်အရွယ် သံသယရှိသူမှာ လွတ်မြောက်နေဆဲဟု ဆိုသည်။
သံသယရှိသူကို ရှာဖွေဖမ်းဆီးရန် အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
တရုတ်အစိုးရပိုင် Beijing Daily သတင်းဌာနက အခင်းဖြစ်နေရာမှ ဗီဒီယိုတစ်ခုကို ဝေမျှထားရာတွင် ရဲအရာရှိတစ်ဦးက ကလေးငယ်တစ်ဦးအား အရေးပေါ်လူနာတင်ကားဆီသို့ ပွေ့ချီခေါ်ဆောင်သွားသည်ကို တွေ့ရသည်။
ဓားဖြင့်တိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရသူများ၏ အသက်အရွယ်ကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောခဲ့ခြင်းမရှိပေ။
တရုတ်နိုင်ငံတွင် အစုလိုက်အပြုံလိုက် အကြမ်းဖက် ရာဇဝတ်မှုများ ဖြစ်ပွားမှုရှားပါးပြီး နိုင်ငံသားများ လက်နက်ကိုင်ဆောင်ခွင့်ကို တင်းကျပ်စွာ တားမြစ်ပိတ်ပင်ထားသည်။
သို့သော် မကြာသေးမီ နှစ်များအတွင်း လူအများအပြားကို ဓားဖြင့်တိုက်ခိုက်မှုများ မြင့်တက်ဖြစ်ပွားခဲ့သည်။
တရုတ်နိုင်ငံတဝန်း ဖြစ်ပွားခဲ့သည့် လူသေဆုံးမှုရှိခဲ့သော ဓားဖြင့်တိုက်ခိုက်မှုများ အထူးသဖြင့် မူလတန်းနှင့် အခြား ကျောင်းသူကျောင်းသားများကို ပစ်မှတ်ထားပြီး လူ့အဖွဲ့အစည်းကို လက်စားချေလိုသူများက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နှစ် ဧပြီလအတွင်း တရုတ်တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် မူလတန်းကျောင်းတစ်ကျောင်းအတွင်း ဓားကိုင် အမျိုးသားတစ်ဦး ဝင်ရောက်တိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ဦး သေဆုံးပြီး အခြား (၁၆) ဦး ဒဏ်ရာရခဲ့သည်။
ပြီးခဲ့သည့်လအတွင်းကလည်း ရှန်ဟိုင်းမြို့ရှိ ဆေးရုံတစ်ရုံတွင် ဓားကိုင်သူတစ်ဦးက ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူ (၄) ဦး ဒဏ်ရာရခဲ့ပြီး ရဲတပ်ဖွဲ့က ၎င်းကို ပစ်ခတ်ဖမ်းဆီးခဲ့သည်။
၂၀၂၁ ခုနှစ် ဇွန်လအတွင်း တရုတ်နိုင်ငံအရှေ့ပိုင်း Anqing မြို့တွင် လမ်းဘေးဈေးတန်းတစ်လျှောက် ဖြတ်သွားဖြတ်လာများကို အမျိုးသားတစ်ဦးက ဓားဖြင့်တိုက်ခိုက်ခဲ့ရာ လူ (၆) ဦး သေဆုံးပြီး (၁၄) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
Source: AFP