နော်ဝေနိုင်ငံ အော်စလိုမြို့တော်တွင် လိင်တူစုံမက်သူအများစု လာရောက်လေ့ရှိသည့် ဂေးဘားဆိုင်တစ်ဆိုင်တွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ (၂) ဦး သေဆုံးပြီး အခြား လူ (၂၀) ကျော် ဒဏ်ရာရခဲ့သည်။
ထိုပစ်ခတ်မှုဖြစ်ပွားပြီးနောက် နှစ်စဥ်ပြုလုပ်လေ့ရှိသည့် လိင်တူစုံမက်သူများ စုရုံးချီတက်မှု Pride march အစီအစဥ်ကို ဖျက်သိမ်းလိုက်ကြောင်းလည်း သိရသည်။
ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် London Pub ဘားဆိုင်ကို ၁၉၇၉ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့ပြီး အော်စလိုမြို့တွင် လိင်တူစုံမက်သူများ LGBT အသိုင်းအဝိုင်း၏ အချက်အချာနေရာအဖြစ် ကာလရှည်ကြာ သိထားကြသည်။
ဒေသစံတော်ချိန် ဇွန်လ (၂၅) ရက် နံနက် (၁) နာရီဝန်းကျင်တွင် အော်စလိုမြို့လယ်ရှိ London Pub ဂေးဘားဆိုင် အပါအဝင် နေရာ (၃) ခု၌ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့က သေနတ်သမားအဖြစ် သံသယရှိသူ အသက် (၄၂) နှစ်အရွယ် အီရန်နွယ်ဖွား နော်ဝေနိုင်ငံသား အမျိုးသားကို ဖမ်းဆီးခဲ့သည်။
ထိုအမျိုးသားကို လူသတ်မှု၊ လူသတ်ရန်ကြိုးပမ်းမှုနှင့် အကြမ်းဖက်လုပ်ရပ်တို့ဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။
ယခုတိုက်ခိုက်မှုကို အစွန်းရောက် အစ္စလာမ်မစ်အကြမ်းဖက်မှုအဖြစ် ယူဆကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဂေးဘားဆိုင်တွင် လူသေဆုံးဒဏ်ရာရသည့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ (၂၅) ရက် မွန်းလွဲပိုင်းအချိန် ပြုလုပ်ရန်စီစဥ်ထားသော Pride march စုရုံးချီတက်ပွဲကို စီစဥ်သူများက ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည်။
ရဲတပ်ဖွဲ့၏ အကြံပြုမှုများအရ စုရုံးချီတက်ပွဲ အစီအစဥ်ကို ဖျက်သိမ်းလိုက်ကြောင်း စီစဥ်သူများက Facebook တွင် ရေးသားထားသည်။
ယခုပစ်ခတ်မှုအတွင်း လူ (၂) ဦး သေဆုံးခဲ့ပြီး (၂၁)ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် ဒဏ်ရာရသူ (၁၀) မှာ ဒဏ်ရာပြင်းထန်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှ သေနတ် (၂) လက် သိမ်းဆည်းရမိခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့ကဆိုသည်။
တရစပ်ပစ်ခတ်နေသည့် သေနတ်ကျည်ဆန်များ မထိမှန်စေရန် မြေအောက်ထပ်နေရာသို့ ထွက်ပြေးခဲ့ရပြီး ထိုနေရာတွင် အခြား လူ (၈၀) မှ (၁၀၀) ဦးနှင့်အတူ ပုန်းအောင်းနေခဲ့ရကြောင်း London Pub တွင် ရှိနေခဲ့သူ Bili Blum-Jansen က ပြောသည်။
"အတော်များများက သူတို့ရဲ့လက်တွဲဖော်တွေနဲ့ မိသားစုဆီ ဖုန်းခေါ်ကြတယ်။ နောက်ဆုံး နှုတ်ဆက်သလို ခံစားခဲ့ကြရတယ်။ အရမ်းကြောက်လန့်နေသူတွေကို တခြားသူတွေက ကူညီနှစ်သိမ့်ခဲ့ကြတယ်။ ကျွန်တော်လည်း အတော်လေး ကြောက်လန့်မိတယ်။ တကယ်လို့များ သေနတ်သမား ဒါမှမဟုတ် သေနတ်သမားတွေ ရောက်လာခဲ့ရင် ကျွန်တော်တို့အားလုံး သေကြမှာ။ ထွက်ပေါက်မရှိဘူးလေ" ဟု ၎င်း၏ အတွေ့အကြုံကို Bili Blum-Jansen က ဖွင့်ဟခဲ့သည်။
"အမုန်းတရားနဲ့ ကျူးလွန်တဲ့ရာဇဝတ်မှုတစ်ခုအဖြစ် ယူဆစရာ အကြောင်းရှိပါတယ်။ လိင်တူစုံမက်သူတွေရဲ့ ချီတက်ပွဲ Pride march ကို ပစ်မှတ်ထားတားလား ဒါမှမဟုတ် အခြား ရည်ရွယ်ရှိလားဆိုတာ စုံစမ်းစစ်ဆေးနေပါတယ်" ဟု ရဲတပ်ဖွဲ့က ပြောသည်။
ပစ်ခတ်တိုက်ခိုက်ခဲ့သူမှာ တစ်ဦးတည်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ယူဆထားကြောင်းလည်း ရဲတပ်ဖွဲ့က ဆိုသည်။
ရဲတပ်ဖွဲ့က ပစ်ခတ်မှုဖြစ်ပွားကြောင်း ဇွန်လ (၂၅) ရက် နံနက် (၁) နာရီ (၁၄) မိနစ်အချိန် သတင်းရရှိပြီး နောက် (၅) မိနစ်မျှအကြာတွင် သံသယရှိသူကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
Source: BBC, Reuters, CNN, CNA
Photo: EPA, GETTY IMAGES,