အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်ရှိ ခရစ်ယာန်ဘုရားကျောင်း ကားရပ်နားနေရာတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူ (၃) ဦး သေဆုံး

Photo: Nirmalendu Majumdar/USA Today Network
Photo: Nirmalendu Majumdar/USA Today Network
အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်ရှိ ခရစ်ယာန်ဘုရားကျောင်း ကားရပ်နားနေရာတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူ (၃) ဦး သေဆုံး
By Mr John

အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်တွင် ခရစ်ယာန်ဘုရားကျောင်းတစ်ခု၏ ကားရပ်နားနေရာ၌ ဇွန်လ (၂) ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ (၃) ဦး သေဆုံးခဲ့သည်။

ဘုရားကျောင်း၏ ကားရပ်နားနေရာတွင် အမျိုးသားတစ်ဦးက အမျိုးသမီး (၂) ဦးကို ပစ်သတ်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ်လည်း ပစ်ခတ်ကာ အဆုံးစီရင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

နယူးယော့ခ်ပြည်နယ် Baffalo မြို့ရှိ စူပါမက်ကတ်၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ခရစ်ယာန်ဘုရားကျောင်း၊ တက္ကဆက်ပြည်နယ် Uvalde မြို့ရှိ မူလတန်းကျောင်း၊ အိုကလာဟိုးမားပြည်နယ် တူလ်ဆာမြို့ရှိ ဆေးရုံတို့တွင် အစုအပြုံလိုက် ပစ်ခတ်မှုများကြောင့် သမ္မတဂျိုးဘိုင်ဒန်က သေနတ်ဖြင့်အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး အဓိက မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီးနောက် မကြာမီမှာပင် အိုင်အိုဝါပြည်နယ် ဘုရားကျောင်းတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

သမ္မတဂျိုးဘိုင်ဒန်က ချေမှုန်းရေးလက်နက်များကို ပိတ်ပင်ရန်၊ သေနတ်ကိုင်ဆောင်သူတို့၏ နောက်ခံအကြောင်းအရာ စစ်ဆေးမှုတိုးမြှင့်ရန်နှင့် အခြား သေနတ်ထိန်းချုပ်ရေး အစီအမံများ အကောင်အထည်ဖော်ရန် ကွန်ဂရက်လွှတ်တော်သို့ ဇွန်လ (၂) ရက်နေ့တွင် တောင်းဆိုခဲ့သည်။

သမ္မတဂျိုးဘိုင်ဒန် မိန့်ခွန်းပြောကြားအပြီး မကြာမီမှာပင် အိုင်အိုဝါပြည်နယ်ရှိ Ames မြို့ အရှေ့ဘက်ရှိ Cornerstone ခရစ်ယာန်ဘုရားကျောင်းအပြင်ဘက် ကားရပ်နားနေရာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း Story ကောင်တီရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲ Nicholas Lennie က ပြောသည်။

ရဲအရာရှိများ အခင်းဖြစ်နေရာသို့ ရောက်ရှိချိန်တွင် လူ (၃) ဦးလုံး သေဆုံးနေတာ တွေ့ခဲ့ရကြောင်း ၎င်းကဆိုသည်။

ပစ်ခတ်မှုအတွင်း သေဆုံးသူများမှာ မည်သူဖြစ်ကြောင်းနှင့် ၎င်းတို့ကြား မည်သည့် ဆက်ဆံရေးရှိကြောင်းကို မသိနိုင်သေးကြောင်းလည်း Nicholas Lennieu က ပြောသည်။

ယခုဖြစ်ရပ်မှာ သေနတ်သမားတစ်ဦးတည်းက ပစ်ခတ်မှုဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။

အမေရိကန်တွင် လတ်တလော သီတင်းပတ်များအတွင်း ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေခဲ့သည်။

မေလ (၁၄) ရက်နေ့က နယူးယော့ခ်ပြည်နယ် လူမည်းရပ်ကွက်တစ်ခုရှိ စူပါမက်ကတ်တွင် အသက် (၁၈) နှစ်အရွယ် လူဖြူအမျိုးသားတစ်ဦးက လူမျိုးရေးမုန်းတီးမှုအရ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူ (၁၀) ဦး သေဆုံးခဲ့ပြီး ပစ်ခတ်သူကို ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် မေလ (၁၆) ရက်နေ့ကလည်း ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း Laguna Woods မြို့ရှိ Geneva Presbyterian ခရစ်ယာန်ဘုရားကျောင်းတွင် အစားအသောက်များဖြင့် တည်ခင်းဧည့်ခံနေစဥ် အသက် (၆၀) ကျော်အရွယ် သေနတ်သမား၏ ပစ်ခတ်မှုကြောင့် လူ (၁) ဦး သေဆုံးခဲ့ပြီး ၎င်းကို ဘုရားကျောင်းတက်လာသူတွေက ဝိုင်းဝန်းဖမ်းခဲ့သည်။

မေလ (၂၄) ရက် နံနက်ပိုင်းကလည်း တက္ကဆက်ပြည်နယ် Uvalde မြို့ရှိ Robb မူလတန်းကျောင်းတွင် အသက် (၁၈) နှစ်အရွယ် သေနတ်သမားက စာသင်ခန်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ကလေး (၁၉) ဦးနှင့် ဆရာမ (၂) ဦး သေဆုံးခဲ့ပြီး သေနတ်သမားကို လုံခြုံရေးအရာရှိများက ပစ်သတ်ခဲ့သည်။

ထို့အပြင် ဇွန်လ (၁) ရက်နေ့က အိုကလာဟိုးမားပြည်နယ် တူလ်ဆာမြို့ရှိ စိန့်ဖရန်စစ်ဆေးရုံးဝင်းအတွင်း Natalie အဆောက်အအုံတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ပစ်ခတ်သူအပါအဝင် လူ (၅) ဦး သေဆုံးခဲ့သည်။

အိုကလာဟိုးမား ပစ်ခတ်မှုတွင် သေနတ်သမား အမျိုးသားက မကြာသေးမီက ၎င်းကို ခွဲစိတ်ကုသပေးခဲ့သည့် အရိုးအကြောခွဲစိတ်ဆရာဝန် အသက် (၅၉) နှစ်အရွယ် ဒေါက်တာ Preston Phillips ကို ပစ်သတ်ရန် ရည်ရွယ်ချက်ဖြင့် ဆေးရုံသို့ရောက်ရှိလာခဲ့ပြီး ထိုဆရာဝန်အပြင် ၎င်းတွေ့ခဲ့သူမှန်သမျှကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

၎င်း၏ ပစ်ခတ်မှုကြောင့် ဒေါက်တာ Preston Phillips နှင့် နောက်ထပ် ဆရာဝန်တစ်ဦး၊ ဆေးရုံ၏ ဧည့်ကြိုဌာနမှ ဝန်ထမ်တစ်ဦးနှင့် လူနာတစ်ဦး သေဆုံးခဲ့‌‌‌‌နကြောင်းနှင့်   သေနတ်သမားက ကိုယ့်ကိုယ်ကိုယ် ပစ်သတ်သွားခဲ့ကြောင်း သိရသည်။

Source: Reuters