အင်ဒိုနီးရှားနိုင်ငံက စားသုံးဆီတင်ပို့မှု ပိတ်ပင်လိုက်ချိန်တွင် အာဏာသိမ်းစစ်ကောင်စီ၏ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သိုလှောင်ထားသည့် စားအုန်းဆီပမာဏ ပြည်တွင်းစားသုံးရန် လုံလောက်ကြောင်းနှင့် ဆီသင်္ဘောများ ပုံမှန်ဝင်နေသည်ဟု ၂၀၂၂ ခုနှစ် ဧပြီလ (၂၅)ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။
သိုလှောင်ထားသည့် စားအုန်းဆီ ပိဿချိန် သိန်း (၁၉၀)ရှိ၍ ပြည်တွင်းစားသုံးမှု လုံလောက်သည့်အပြင် အနယ်နယ်အရပ်ရပ်ကိုလည်း ပုံမှန်ဖြန့်ဖြူးနေသည်ဟုဆိုသော်လည်း စားသုံးဆီသိုလှောင်သူများကို အရေးယူမည်ဟုလည်း ဆိုထားသည်။
အဆိုပါ ကော်မတီက စားအုန်းဆီဈေးနှုန်းကို တစ်ပိဿလျှင် ကျပ် (၅,၆၂၀) ဖြင့် မေလ (၁)ရက်နေ့အထိ ရောင်းရမည်ဟု သတ်မှတ်ပေးထားပြီး ၎င်းတို့ သတ်မှတ်ဈေးနှုန်းထက် ပိုရောင်းပါကလည်း အရေးယူမည်ဟု ဆိုထားသော်လည်း လက်ရှိ ပြင်ပပေါက်ဈေးမှာ ၎င်းတို့ သတ်မှတ်ပေးထားသည့် ဈေးနှုန်းထက်ပိုများသည်ဟု သိရသည်။
"အခုက ဆယ်ပိဿတစ်ပုံးဆို (၆)သောင်းခွဲကနေ (၇) သောင်းပေးနေရတာ"ဟု ရန်ကုန်မှ အိမ်ရှင်မတစ်ဦးက Tachileik News Agency သို့ ပြောသည်။
အာဏာသိမ်းစစ်ကောင်စီ၏ ကော်မတီက ၎င်းတို့သတ်မှတ်ပေးထားသည့် ဈေးနှုန်းထက် အနည်းငယ်လျှော့ကာ စားအုန်းဆီ တစ်ပိဿလျှင် ကျပ် (၅,၆၀၀)ဖြင့် ရန်ကုန်ရှိ ရပ်ကွက်အချို့တွင် လှည့်လည်ရောင်းချပေးနေသည်ကိုလည်း တွေ့ရသည်။